အောင်လံ ဧပြီ ၁၈
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သည့် နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားနာနှင့် သက်ကြီးပူဇော်ပွဲကို ယမန်နေ့ နံနက် ၆ နာရီက အောင်လံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်သံဃာနာယကဥက္ကဋ္ဌ ဆရာတော် ဦးဇောတိကမှ ဩဝါဒချီးမြှင့်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်ပြီး သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ခြင်းကို အောင်လံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပခဲ့ရာ မြို့ပေါ်ရပ်ကွက်များမှ အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၄၀) ဦးအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ စေတနာရှင်/အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများလှူဒါန်း၍ ပူဇော်ကန်တော့ကြပြီး သက်ကြီးဘိုးဘွားများကိုယ်စား အဘိုးတစ်ဦးမှ ကျေးဇူးတင်ဆုတောင်းစကားပြောကြားပေးခဲ့ကြောင်း သိရသည်။
အာကာ (ပြန်/ဆက်)