ဘိုကလေး ဧပြီ ၁၄
မြန်မာလူမျိုးတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာအရ အတာသင်္ကြန်အခါ၌ ကုသိုလ်ကောင်းမှုအစုအစု ပြုမူဆောင်ရွက်ကြရာ သင်္ကြန်အခါမတိုင်ခင်ကပင် မြတ်ဗုဒ္ဓ၏ အမွေအနှစ် သားတော်များအဖြစ် နေရာဒေသအနှံ့အပြား၌ ဒုလ္လဘရဟန်း၊ ရှင်သာမဏေပြု၍ သာသနာ့ဘောင်သို့ ခဏတာဝင်ရောက် ကျင့်ကြံ၊ ကြိုးကုတ်၊ အားထုတ်ဆောင်ရွက်ကြပြီး ယခုနှစ်မဟာသင်္ကြန်တွင်း အခါ၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၏ မြို့ပေါ်ကျောင်းတိုက်များတွင် ဒုလ္လဘရဟန်း၊ ရှင်သာမဏေပြုသူ အပါး(၁၀၀၀)ခန့်ရှိကြောင်း မြို့နယ်၏ ဆရာတော်၊ သံဃာတော်များထံမှ သိရသည်။
ဘိုကလေးမြို့ပေါ်တွင် ဘုန်းတော်ကြီးကျောင်း (၅၀)ကျော်တည်ရှိပြီး အဆိုပါကျောင်းတိုက်များမှ အချို့သော ကျောင်းတိုက်များတွင် သင်္ကြန်တွင်းအခါ၌ တရားစခန်းပွဲများ၊ ဝိပဿနာရှုစခန်းများ၊ ကမ္မဌာန်းတရား ပွားများသည့် စခန်းများဖွင့်လှစ် ပို့ချကုသိုလ်တော်ပြုကြပြီး အဆိုပါတရားစခန်းများ ဖွင့်လှစ်သည့် ကျောင်းတိုက်များတွင် ဒုလ္လဘရဟန်း၊ ရှင်သာဏေပြုသူ ကျောင်းတိုက်တစ်တိုက်တွင် အပါးရေရာချီရှိပြီး ယခုနှစ်မဟာသင်္ကြန်အခါ၌ ဘိုကလေးမြို့ပေါ်ကျောင်းများ၌ ဒုလ္လဘရဟန်း၊ ရှင်သာမဏေပြုသူ အပါးရေ(၁၀၀၀)ခန့်ရှိကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)