သင်္ကြန်(အကြို)နေ့တွင် ငွေဆောင်ကမ်းခြေ၌ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များဖြင့် စည်ကား

ငွေဆောင် ဧပြီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေ၌ နှစ်သစ်ကူးရုံးပိတ်ရက်၊ သင်္ကြန်(အကြို)နေ့မှစတင်ကာ အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်များသည် မြို့ထဲရှိ အမှတ်တရပစ္စည်းအရောင်းဆိုင်များတွင် စျေးဝယ်ယူ​ခြင်း၊ ကမ်းခြေတွင်လမ်းလျှောက်ခြင်း၊ အပန်းဖြေခြင်း၊ ရေကူးခြင်းတို့အပြင် speed boat၊ Banana Boat တို့​ဖြင့် ငွေဆောင်၏ အထင်ကရကျွန်းများဖြစ်သော မြွေကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ ကျွန်းလျားရှည်၊ ချစ်သူများကျွန်း၊ ဘုရားသုံးဆူတို့အား သွားရောက်လည်ပတ်ခြင်း၊  ငွေဆောင်၏ အထင်ကရတစ်ခုဖြစ်သော မိုးမခဆင်စခန်းနှင့် ငွေဆောင်ဆင်စခန်းသို့ သွားရောက်လည်ပတ်ခြင်းတို့ဖြင့် အပန်းဖြေလျက်ရှိကြောင်း သိရသည်။

နှစ်သစ်ကူး ရုံးပိတ်ရက်ကာလအတွင်း ငွေဆောင်ကမ်းခြေသို့ လာရောက်လည်ပတ်ကြသော ခရီးသွားဧည့်သည်များ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်စေရေးအတွက် မြို့အုပ်ချူပ်ရေးမှူး ဦးသိန်းဇော်ဦးဆောင်ကာ ကမ်းခြေသန့်ရှင်းသာယာလှပရေးနှင့် စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

R -014( ငွေဆောင် )