ပုသိမ် ဧပြီ ၁၁
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ရွေးမြစ်နှင့် ပြာမလော့မြစ်အကြားတွင် တည်ဆောက်ရေး(၉)၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ရေငန်တားတာများတည်ဆောက်ခြင်းစီမံကိန်းနှင့် မြစ်ကြိုးကြီးရေတံခါး (၆ပေ×၆ပေ) ၄ပေါက် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ရွေးမြစ်နှင့်ပြာမလော့မြစ်အကြား ရေငန်တားတာများတည်ဆောက်ခြင်းစီမံကိန်းနှင့် မြစ်ကြိုးကြီး ရေတံခါး (၆ပေ×၆ပေ) ၄ပေါက် တည်ဆောက်ခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရေငန်တားတာများတည်ဆောက်ခြင်းလုပ်ငန်းစီမံကိန်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ကျွန်းအပိုင်း(၄) ရေငန်တားတာတည်ဆောက်ခြင်းလုပ်ငန်း ထိပ်ဝအကျယ် ၁၂ ပေ၊ အလျားမိုင် ၂၅ မိုင်နှင့် ရေငန်ကာကွယ်ဧက၈၀၀၀ ဧကကို အကျိုးပြုမည့်အခြေအနေများ၊ ရေငန်တားတာ တည်ဆောက်ခြင်းစီမံကိန်းလုပ်ငန်းများအား အပိုင်း(၉)ပိုင်းဖြင့် နှစ်အလိုက်ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ရေငန်တားတာအပိုင်း(၄)တွင် ရေတံခါးတစ်ခုထပ်မံဆောင်ရွက်ပြီးစီးပါက နွေစပါးစိုက်ဧက (၇၇၀၀)ထပ်တိုးဆောင်ရွက်နိုင်မည့်အခြေအနေများ၊ ရေငန်တားတာ အပိုင်း(၉)ပိုင်း အားလုံးဆောင်ရွက်ပြီးစီးပါက ရေငန်ကာကွယ် ဧက (၄၅၀၀၀)အား အကျိုးပြုမည်ဖြစ်ပြီး နွေစပါးစိုက်ဧက(၁၁၇၀၀) ထပ်တိုးဆောင်နိုင်မည့်အခြေအနေများ၊ မိုးရာသီတွင်ကျွန်းပတ်တာအတွင်းရှိ Borrow မြောင်းများနှင့် သဘာဝချောင်း၊ မြောင်းများ၌ရေချိုသိုလှောင်ပြီး မိုးစပါးအောင်ရေလုံလောက်စွာ ဖြည့်တင်းပေးနိုင်မည့်အခြေ အနေများ၊ မိုးနှောင်းကာလတွင် အဆိုပါ Borrow မြောင်းများနှင့် သဘာဝချောင်းမြောင်းများ အတွင်း ကျန်ရှိသောရေချိုများဖြင့် နွေစပါးနှင့်အခြားသီးနှံများရေချိုရရှိ၍ တစ်သီးစိုက်မှ နှစ်သီးစိုက်ပျိုးနိုင်မည့်အခြေအနေများ၊ ရေငန်တားတာ/တမံများကို ကျေးရွာချင်းဆက်လမ်းများအဖြစ် အသုံးပြုနိုင်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရာသီအမီလုပ်ငန်းများပြီးစီးစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် တောင်သူများအား ရေငန်တားတာများ တည်ဆောက်ပြီးစီးပြီဖြစ်ပါသဖြင့် စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ စနစ်ကျလယ်ယာမြေများ ဖော်ထုတ်စိုက်ပျိုးနိုင်ရေး၊ သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများ တိုးတက်စေရေး၊ ဒေသရေမြေနှင့်ကိုက်ညီသည့် အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေး၊ တာဘောင်မြေလွတ်နေရာများတွင် သီးပင်စားပင်များစိုက်ပျိုးကြရန်နှင့် ဝင်ငွေတိုးပွားရေးအတွက် မွေးမြူရေးလုပ်ငန်းများကိုပါ တွဲဖက်ဆောင်ရွက်ကြရန်မှာကြားခဲ့ပြီး ဒေသခံများ၏တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ရေတံခါးလုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်းရှိရွေးမြစ်နှင့်ပြာမလော့မြစ် အကြားရေငန်တားတာများ တည်ဆောက်ပေးခြင်းဖြင့် မိုးရာသီ မိုးရွာသွန်းမှုများကြောင့် စိုက်ပျိုးမြေများရေကြီးနစ်မြုပ်မှုမှကာကွယ်ရန်၊ သဘာဝဘေးအန္တရာယ်များကြောင့်ဖြစ်ပေါ်လာသည့် ဆိုင်ကလုန်းမုန်တိုင်းများကြောင့် ထူးကဲဒီရေတက်ရောက်ပြီး စိုက်ပျိုးသီးနှံများသီးအပေါ် ပျက်စီးဆုံးရှုံးခြင်းမှကာကွယ်ရန်၊ ရေငန်ဝင်ရောက်ခြင်းကြောင့် စပါးပင်များပိုးကျပျက်စီးခြင်းနှင့် စပါးအထွက်နှုန်းကျဆင်းခြင်းများမှကာကွယ်ရန်နှင့် အယ်နီညို/လာနီညာကဲ့သို့သော ရာသီဥတုဖောက်ပြန်မှုများကြောင့် မိုးစပါးအောင်ရေလုံလောက်စွာမရရှိခြင်းနှင့် သောက်သုံးရေပြတ်လပ်မှုများမှ ကာကွယ်ရန်တို့အတွက် ရည်ရွယ်ဖော်ဆောင်ခြင်းဖြစ်ပြီး ရေငန်တားတာ တည်ဆောက်ခြင်းစီမံကိန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပါက လယ်မြေဧက(၄၅၀၀၀)ခန့်အား ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်မည်ဖြစ်သည်။ အဆိုပါ ရွေးမြစ်နှင့်ပြာမလော့မြစ်အကြား ရေငန်တားတာများတည်ဆောက်ခြင်းစီမံကိန်းတစ်ခုလုံး၏ ၅၁.၆၇ ရာခိုင်နှုန်းဆောင်ရွက်ပြီး ဖြစ်သည်။
ထို့နောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ပြင်းအား ၇ ဒသမ ၇ ရစ်(ခ်)တာစကေးရှိ အလွန်ပြင်းထန်သည့် မြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ငလျှင်ဘေးသင့်ပြည်သူများအတွက် လပွတ္တာမြို့နယ်၊ ဆားချက်၊ ပိုးလောင်း၊ ညောင်လိန်၊ ဘေးပေါက်ကျေးရွာအုပ်စုများမှ စေတနာရှင်ပြည်သူများနှင့် ဆန်စက်လုပ်ငန်းရှင်များက လှူဒါန်းငွေ (၁၆,၀၅၅,၁၀၀) ကျပ်နှင့် မော်လမြိုင်ကျွန်းမြို့နယ် စားအုန်းဆီလုပ်ငန်းရှင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုများမှ စေတနာရှင်ပြည်သူများက လှူဒါန်းငွေ (၃၄,၇၃၆,၅၀၀) ကျပ်တို့အား တာဝန်ရှိသူများက ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)