ထားဝယ်၊ ဒီဇင်ဘာ ၈
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ထားဝယ်မြို့နယ်၊ ရှင်မုတ္ထီးကျေးရွာအုပ်စု၊ ရောင်းမော်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေဖြင့် ကျေးရွာဘောလုံးကွင်း ခြံစည်းရိုးကာရံခြင်းလုပ်ငန်းဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးမှူး ဦးမြင့်ဆွေက ရောင်းမော်ကျေးရွာသည် စီမံကိန်းသက်တမ်း(၄)နှစ်ပြည့်ပြီးဖြစ်၍ မြစိမ်းရောင်စီမံကိန်းအတိုးရငွေ(၅၀%)ဖြင့် ကျေးရွာ ဘောလုံးကွင်းခြံစည်းရုံး ကာရံခြင်းလုပ်ငန်းအတွက် ကျေးရွာကော်မတီဝင်များနှင့်ရပ်မိရပ်ဖများအားတွေ့ဆုံခြင်း ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာစောင်ပါ ညွှန်ကြား ချက်များနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းပြောကြားသည်။
အဆိုပါ ကျေးရွာ ဘောလုံးကွင်းခြံစည်းရိုးကာရံခြင်းအတိုင်းအတာ (၃၆၀x၂၄၀)ပေ လုပ်ငန်းတန်ဖိုး ကျပ်သိန်း (၉၀) ဖြင့် ဒီဇင်ဘာလ၊ တတိယပတ်တွင် စတင် ဆောင်ရွက်မည်ဖြစ်ကြောင်းသိရသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)