ပြည် မတ် ၂၆
ရိုးရာအားကစားနှင့်ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကကြီးမှူးကျင်းပသည့် "သနပ်ခါးအလှ မြန်မာကအစ - ခြင်းလုံးအစ သရေခေတ္တရာက" ဈေးရောင်းပွဲတော်နှင့် ပျော်ပွဲရွှင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ပဲခူးတိုင်းဒေသကြီး ပြည်မြို့လွတ်လပ်ရေးကျောက်တိုင်ကွင်းနှင့် မြို့နယ်အားကစားကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားနှင့်ပွဲတော်သို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပြည်မြို့ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်အသီးသီးမှ ပါမောက္ခချုပ်များနှင့်ကျောင်းအုပ်ကြီးများ၊ ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများ ပျော်ရွှင်စွာ လာရောက်ပါဝင်ဆင်နွှဲကြပြီး ရှေးဦးစွာ ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသက်လွင်၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်(၂)ဦးဌေးဝင်းနှင့် အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမြင့်ထွန်းနိုင်၊ မြန်မာနိုင်ငံခြင်းလုံးအဖွဲ့ချုပ်(ဗဟိုအလုပ်အမှုဆောင်) ရန်ကုန်တိုင်းဒေသကြီး ဗုဒ္ဓကလျာဏယုဝအသင်း(YMBA)အလုပ်အမှုဆောင် ဦးမြင့်မြတ်ကျော်တို့က ပွဲတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်တက္ကသိုလ် ဥပဒေပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာဝေဝေမြင့်နှင့် တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ဝါဝါအောင်တို့က ပွဲတော်ကျင်းပခြင်းအကြောင်း၊ မြန်မာ့သနပ်ခါးအလှသမိုင်းကြောင်းနှင့် သနပ်ခါးပင်၏ဆေးဘက်ဝင်ပုံအကြောင်းတို့ကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက မန္တလေးတိုင်းလက်ရွေးစင် တပင်တိုင်မင်းသမီး ပိုးအိနွယ်နှင့် လင်းလက်အောင်တို့၏ ရိုးရာတပင်တိုင်ခြင်းအလှခတ်ဖျော်ဖြေမှုကို တခဲနက်ကြည့်ရှုအားပေးကြကာ တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ သနပ်ခါးအလှလိမ်းချယ်ပြိုင်ပွဲကျင်းပခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုယ်စားပြု ပြိုင်ပွဲဝင်လှပျိုဖြူလေးများ၏ ယှဉ်ပြိုင်နေမှုကို ဒိုင်အဖွဲ့ဖြင့် အကဲဖြတ်အမှတ်ပေး၍ ဆုချီးမြှင့်ပေးခြင်းနှင့် နိုင်ငံကျော်အနုပညာရှင်များ၏ တေးဂီတဖျော်ဖြေမှု တင်ဆက်ခြင်းတို့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။
အဆိုပါပွဲတော်ကို မတ် ၂၅ ရက်မှ ၃၁ ရက်အထိ ၇ ရက်တိုင်ကျင်းပမည်ဖြစ်ပြီး ပွဲတော်ရက်အတွင်း ရိုးရာခြင်းအလှခတ်ပွဲနှင့် ပြည်မြို့ရှိ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် တက္ကသိုလ်ဒီဂရီကောလိပ်များမှ ပြိုင်ပွဲဝင်လှပျိုဖြူများ၏ အဖွဲ့အလိုက် သနပ်ခါးလိမ်းချယ်ပြိုင်ပွဲများ၊ အနုပညာရှင်များ၏ ဖျော်ဖြေမှုများကို အခမဲ့ကြည့်ရှုအားပေးနိုင်မည်ဖြစ်ကာ ဒေသထွက်ထုတ်ကုန်အရောင်းဆိုင်များနှင့် ပွဲဈေးဆိုင်တန်းများ၊ ချား/ရဟတ်၊ အပျော်စီးလှေနှင့် ကလေးကစားကွင်းများ၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိကြောင်း သိရသည်။
ကိုဆက်(ပြန်/ဆက်)