ဆောမြို့တွင် စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲ၌ လာရောက်ဖတ်ရှုလေ့လာသူများဖြင့် စည်ကား

ဆော ဖေဖော်ဝါရီ ၂၂

စာအုပ်၊ စာပေပြပွဲနှင့် စာအုပ်စျေးရောင်းပွဲတော်ကို မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ဆောမြို့ ဒက္ခိဏာရာမရွှေစေတီကျောင်းတိုက်အနီး၊ ရှင်မာလဲဘုရားကွင်းပြင်၌ ယမန်နေ့ နံနက် ၉ နာရီက စတင်ကျင်းပရာ မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာရှင်များ လာရောက် ဝယ်ယူ ဖတ်ရှု လေ့လာ သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အဆိုပါ စာအုပ်စျေးရောင်းပွဲတော်တွင် ကလေးစာပေများ၊ ပုံပြင်စာအုပ်များ၊ ဆေးရောင်ခြယ် စာအုပ်များ၊ ကလေးများ ဉာဏ်ရည်ထက်မြက်စေသော အရုပ်ဆက်ကစားနည်းများ၊ သင်ထောက် ကူပစ္စည်းများ၊ ဘာသာရေးရုပ်ပြ စာအုပ်များ၊ လူကြီးဖတ် သုတစာပေနှင့် ရသစာပေများ၊ ရှားပါး စာပေများကို စျေးနှုန်းသက်သာစွာဖြင့် စာအုပ်အရောင်းဆိုင်များမှ စုပေါင်း၍ လာရောက် ရောင်းချခြင်းဖြစ်ပြီး စာပေဝါသနာရှင် မည်သူမဆို မိမိတို့ကြိုက်နှစ်သက်သော စာအုပ်များကို ဖတ်ရှုလေ့လာနိုင်ကြောင်းနှင့် ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၅ ရက်နေ့အထိ ခင်းကျင်းပြသ၍ ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မျိုးသန့်(ဆော)