ပန်းတနော် မတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ (၂၀၂၃-၂၀၂၄) ဘဏ္ဍာနှစ်မှစ၍ ၂၀၂၄-၂၀၂၅ ဘဏ္ဌာရေးနှစ်အထိ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ စုစုပေါင်း ကျပ်(၉၀၀) သန်းဖြင့် ဌာနမှတာဝန်ယူဆောင်ရွက်ခဲ့သော အိုးဘို-ချောင်းကလေးလမ်းပေါ်ရှိ အရှည် (၁၈၀) ပေရှိသော ကျုံပတော ချောင်းကူးကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားအား (၂၃.၃.၂၀၂၅) ရက်နေ့ ညနေပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဦးဝင်းမြင့်၊ သံယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် ချောင်းကူးတံတား ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများထံသို့ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများအား ရိုက်ကူးခဲ့ကြသည်။
ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ဧည့်သည်တော်များက ဖွင့်လှစ်ပြီးသော အိုးဘို-ချောင်းကလေး လမ်းပေါ်ရှိ ကျုံပတော ချောင်းကူးတံတား မင်္ဂလာမော်ကွန်းတင် ကမ္ဗည်းကျောက်စာတိုင်အား အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းခဲ့ပြီး ကွန်ဂရစ်တံတားသစ်အားလှည့်လည်ကြည့်ရှုခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)