မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ပြပွဲနှင့်ပြိုင်ပွဲ အခမ်းအနား တက်ရောက်

မကွေး မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ပြပွဲနှင့် ပြိုင်ပွဲအခမ်းအနားကို မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှု ဌာနချုပ်မှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာ့သနပ်ခါး အလှမယ်ပြိုင်ပွဲဝင်များနှင့် သနပ်ခါးချစ်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြန်မာရိုးရာယဉ်ကျေးမှု သနပ်ခါးဓလေ့ပွဲတော် ဖွင့်ပွဲအခမ်းအနား မုခ်ဦးအား မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်မိမိမော်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်းနှင့် လှူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖွင့်ပွဲအခမ်းအနားတွင် ဖျော်ဖြေပေးခဲ့သော ဘင်ခရာနှင့် ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ခဲ့ပြီး၊ အညာဓလေ့ သနပ်းခါး ယဉ်ကျေးမှုပြပွဲတွင် ပြခန်းများအလိုက် ခင်းကျင်းပြသထားရှိမှုများ၊ မြန်မာ့သနပ်ခါး ယဉ်ကျေးမှု ဓလေ့ပြိုင်ပွဲ၌ အမျိုးသမီးငယ်များမှ သနပ်ခါးလိမ်းခြယ်ပြိုင်ပွဲယှဉ်ပြိုင်ရန် သတ်မှတ်ထားသော အခန်းများတွင် သနပ်ခါးလိမ်းခြယ်နေမှုများနှင့် မြန်မာ့ရိုးရာသနပ်ခါး ယဉ်ကျေးမှု ဓလေ့ကို UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်းနိုင်ရေး QR Code အား Scan ဖတ်ပြီး ဆန္ဒပြုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။

ဆက်လက်၍ အညာဓလေ့ သနပ်ခါးယဉ်ကျေးမှုပွဲတော် အခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာ့ရိုးရာသနပ်ခါးသည် သနခါ  ဟူသောစကားမှ ဆင်းသက်လာကာ “သန” ဆိုသည်မှာ မသန့်ရှင်းသော၊ ယုတ်ညံ့သော၊  “ခါ” ဆိုသည်မှာ စွန့်ထုတ်ခြင်းဟု အဓိပ္ပာယ်ရပါကြောင်း၊ ထို့ကြောင့် “သနခါ” ဟူသည် မသန့်ရှင်းသော ယုတ်ညံ့သည်များကို စွန့်ထုတ်ပေးသောအရာပင်ဖြစ်သည်ဟု အဓိပ္ပာယ်ရပါကြောင်း၊ “သနခါ” မှ ကာလရွေ့လျားလာပြီး “သနပ်ခါး” ဟု ပြောင်းလဲလာခြင်းဖြစ်သည်ဟု ပညာရှင်များက အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါကြောင်း၊ မြန်မာနိုင်ငံတွင် သနပ်ခါးသုံးစွဲလာကြသည့် ဓလေ့မှာ လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်က စတင်သည်ဟု သိရှိရပြီး၊ သနပ်ခါးယဉ်ကျေးမှုကို ပုဂံခေတ် နံရံဆေးရေးပန်းချီများမှ ခိုင်လုံသော အထောက်အထားများအရ တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ သနပ်ခါးပင်ကို မြန်မာနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့တွင် တွေ့ရှိရပြီး၊ မြန်မာ့သနပ်ခါးသည် အရည်အသွေး အကောင်းဆုံးဖြစ်ပါကြောင်း၊ မကွေးတိုင်း အတွင်းမှာဆိုရင် သနပ်ခါးအမျိုးအမည်များစွာ ရှိသည့်အနက် ရှင်မတောင် သနပ်ခါးကို အများဆုံး စိုက်ပျိုးကြပြီး စိုက်ဧကပေါင်း (၄) သိန်းခန့်ရှိကြောင်း သိရပြီး၊ ရှင်မတောင်သနပ်ခါးသည် လူကြိုက် အများဆုံးဖြစ်ပါကြောင်း၊ ယခု မြန်မာ့ရိုးရာယဉ်ကျေးမှု သနပ်ခါးဓလေ့ပွဲတော် ပြပွဲနှင့် ပြိုင်ပွဲများကျင်းပရခြင်းမှာ မြန်မာ့ရိုးရာ သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာက သိစေရန်နှင့် UNESCO ၏ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် စာရင်းသွင်းနိုင်ရေး ဆောင်ရွက်မှုတွင် အထောက်အကူပြုစေရန်ရည်ရွယ် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက ဖျော်ဖြေရေးအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် မြန်မာ့သနပ်ခါး အလှမယ်ပြိုင်ပွဲတွင် အမျိုးသမီးငယ်များ၏ ပါဝင်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သော အလွတ်တန်း ဆောင်းပါပြိုင်ပွဲတွင် ဆုရရှိသူများ၊ မြန်မာ့သနပ်ခါး အလှမယ်ပြိုင်ပွဲများတွင် ဆုရရှိသူများနှင့် People Choice Award ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)