ပခုက္ကူမြို့၊ အမှတ် (၁) မြို့မစည်ပင်သာယာဈေးကြီး မီးဘေးအန္တရာယ် လုံခြုံရေးကွင်းဆင်းစစ်ဆေး

ပခုက္ကူ မတ် ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် (၁) မြို့မစည်ပင်သာယာဈေးကြီးနှင့်ဈေးသူဈေးသားများ မီးဘေးအန္တရာယ်ကင်း‌ဝေးစေရေးနှင့် လုံခြုံ‌စိတ်ချမှုရှိစေရေးရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပခုက္ကူမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်မျိုးအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ဈေးအကျိုးတော်ဆောင် အဖွဲ့ဝင်များနှင့် ဈေးရုံကိုယ်စားလှယ်များပူးပေါင်း၍ မြို့မစည်ပင်သာယာဈေးကြီး အတွင်း/အပြင် မီးဘေးအန္တရာယ်လုံခြုံ စိတ်ချနိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများနှင့် လျှပ်စစ်မီးများ စနစ်တပ်ဆင်ထားရှိမှု အခြေအနေများ၊ မီးဘေးအန္တရာယ်နှင့် အရေးပေါ်ကြုံတွေ့လာပါက ရေတွင်း၊ ရေကန်များ၊ မြေတွင်းအုတ်ရေလှောင်ကန်များမှ ရေအဆင်သင့်ရယူ သုံးစွဲနိုင်ရေးကြိုတင်ပြင်ဆင်ထားမှုအခြေအနေများ၊ မီးဘေးအန္တရာယ်သတိပေးပိုစတာ ဆိုင်းဘုတ်များနှင့် အရေးပေါ်ဆက်သွယ် အကြောင်းကြားနိုင်မည့် ဖုန်းနံပါတ်များ ကြေညာကပ်ထားမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ခြင်း၊ အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)