ကျွန်းလှ မတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြပြီး စပါးအပြင်သီးနှံမျိုးစုံရာသီအလိုက် စိုက်ပျိုးကြရာ ယခုနှစ် နွေရာသီ ချောင်းရေတင်စိုက်ပျိုးသော မိုးမျှော်ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။
“ကျွန်တော် ဟင်းသီးဟင်းရွက်မျိုးစုံကို နွေ၊ မိုး၊ ဆောင်း ချောင်းရေတင် စိုက်ပျိုးပါတယ်။ ဒီနှစ်နဲ့ကိုက်ညီတဲ့ မိုးမျှော်ငရုတ်မျိုးကို ကိုယ်တိုင်အပင်ပျိုးပြီး အပင် ၂၀၀၀ စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ ထွန်ယက်ခ၊ မြေဩဇာဖိုးနဲ့ လုပ်အားခအပါဝင် ငွေကျပ်တစ်သိန်းခွဲခန့် ကုန်ကျပါတယ်။ အခုအခါ ငရုတ်စိုက်ခင်းမှာ အသီးအပွင့်တွေနဲ့ အောင်မြင်ဖြစ်ထွန်းနေပါတယ်။ အခုလက်ရှိ ငရုတ်သီးအစို တစ်ပိဿာ ငွေကျပ် ၃၀၀၀ ကျော်ဈေးရှိပြီး သီးနှံပေါ်ချိန် ဈေးကောင်းရဖို့ မျှော်လင့်နေရပါတယ်။ တိုးချဲ့စိုက်ပျိုးဖို့အတွက် ပြင်ဆင်ထားပါတယ်” ဟု ရှမ်းစုကျေးရွာ မိုးမျှော်ငရုတ်စိုက်တောင်သူ ဦးနိုင်ကြီးက ပြောသည်။
ကျွန်းလှမြို့နယ်တွင် မြေအောက်ရေ၊ ချောင်းရေတင်ပြီး သီးနှံမျိုးစုံစိုက်ပျိုးကြကြောင်း၊ တောင်သူ တွက်ခြေကိုက်သီးနှံဖြစ်သည့် မိုးမျှော်ငရုတ်နှင့် ကုလားအော်ငရုတ်သီးနှံကို စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း၊ အထွန်နှုန်းကောင်းမျိုးများစိုက်ပျိုးရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာ၊ သဘာဝပိုးသတ်ဆေးနှင့် ပိုးနှင်ဆေးပြုလုပ်သုံးစွဲရေး စသည့်စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ အသိပညာပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)