ပွင့်ဖြူ မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများ အဆင်ပြေစွာ ချက်ပြုတ်စားသောက်နိုင်ရေးအတွက် ယမန်နေ့က ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် စေတနာအလှူရှင်များစုပေါင်းပြီး အေဝမ်းမီးဖိုများ လာရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ရာတွင် ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာ တကိုယ်တော်ပရဟိတအဖွဲ့မှ ဦးကျော်ဆန်းဦးဆောင်သော လူမှုကူညီရေးအသင်းအဖွဲ့များနှင့် စေတနာအလှူရှင်များက ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်ပြည်သူများကို တွေ့ဆုံ၍ အားပေးစကားများပြောကြားပြီး မီးဘေးသင့်အိမ်ထောင်စု ၃၇၂ စုအတွက် အဆင်ပြေစွာ ချက်ပြုတ်စားသောက်နိုင်ရန် အေဝမ်းမီးဖို ၃၇၂ လုံးကို စနစ်တကျ ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ၌ မတ် ၁၂ ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၅၀၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၃၇၂ စု၊ လူဦးရေ ၁၄၄၅ ဦး မီးဘေးဒဏ်သင့်ခဲ့ကြောင်း သိရသည်။ ယခုကဲ့သို့ မီးဘေးသင့်အိမ်ထောင်စုများအတွက် ချက်ပြုတ်စားသောက်ရေးအဆင်ပြေစေရန် အေဝမ်းမီးဖိုများ ထောက်ပံ့လှူဒါန်းနိုင်ရေး ပွင့်ဖြူမြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ရွှေနှင့် ဝန်ထမ်းများက ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)