ပွင့်ဖြူ မတ် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် မီးလောင်မှုကြောင့် လူနေအိမ်များ ယိုယွင်းပျက်စီးနေမှုများကို မီးဘေးသင့်အိမ်ထောင်စုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားနိုင်ရန်ရည်ရွယ်၍ ယမန်နေ့က ဒေသတွင်းရှိ လူမှုကူညီရေးပရဟိတအဖွဲ့များနှင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများက သန့်ရှင်းရေးလုပ်ငန်းများ လာရောက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးရာတွင် ပွင့်ဖြူမြို့ အဖြူရောင်တွဲလက်များပရဟိတအဖွဲ့၊ ထူးကျေးရွာမှ (ထူးသန့်)ပရဟိတအမှိုက်စီမံအဖွဲ့၊ အင်းနက်ကျေးရွာမှ လူငယ်များအဖွဲ့၊ ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ တကိုယ်တော်ပရဟိတအဖွဲ့တို့စုပေါင်း၍ မုန်းဇလဲကျေးရွာရှိ မီးဘေးသင့်အိမ်ထောင်စုများအတွက် လူနေအိမ်များပြန်လည်ဆောက်လုပ်နေထိုင်ရေးနှင့် အခြားလိုအပ်သော ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်ရန်အတွက် ကျေးရွာတွင်းမီးလောင်မှုကြောင့် နေအိမ်အဆောက်အဦများ ယိုယွင်းပျက်စီးမှုများကို စနစ်တကျ စုပေါင်းသန့်ရှင်းရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ၌ မတ် ၁၂ ရက်နေ့က ပေါ့ဆမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကျေးရွာရှိ အိမ်ခြေ ၄၅၀၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး အိမ်ထောင်စု ၃၇၂ စု၊ လူဦးရေ ၁၄၄၅ ဦး မီးဘေးဒဏ်သင့်ခဲ့ကြောင်းသိရကာ အဆိုပါ မီးဘေးသင့်ပြည်သူများ နေထိုင်စားသောက်ရေးအဆင်ပြေစေရန်အတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက အိမ်ဆောက်ပစ္စည်းဖိုး၊ ဆန်ရိက္ခာဖိုးနှင့် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ကူညီပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ရပ်ဝေးရပ်နီးမှ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် စေတနာအလှူရှင်များက အလှူငွေ၊ အဝတ်အထည်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးလျက်ရှိသည့်အပြင် မီးဘေးသင့်ပြည်သူများ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို လာရောက်ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ )