ကသာမြို့ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ မော်ဒယ်ပန်းချီပုံတူ အခြေခံရေးဆွဲနည်း ပြိုင်ပွဲပြုလုပ်ပေး

ကသာ မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ မော်ဒယ်ပန်းချီပုံတူ အခြေခံရေးဆွဲနည်း ဆန်းစစ်ချက်ဖြေဆိုခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ခရိုင်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ မော်ဒယ်ပန်းချီပုံတူ အခြေခံရေးဆွဲနည်းကို လူငယ်လူရွယ်များ လက်တွေ့အသုံးချတတ်စေရန်၊ ပန်းချီပညာရပ် စနစ်တကျလေ့လာနိုင်စေရန်နှင့် ကျွမ်းကျင်တတ်မြောက်စေရန်အတွက် အပတ်စဉ်စနေနေ့တိုင်း ဆန်းစစ်ချက်များ ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မော်ဒယ်ပန်းချီပုံတူရေးဆွဲနည်း ပြိုင်ပွဲတွင် မူလတန်းအဆင့် သင်တန်းသား/ သင်တန်းသူ (၁၄၇) ဦး၊ အလယ်တန်းအဆင့် သင်တန်းသား/ သင်တန်းသူ (၁၂၅) ဦး စုစုပေါင်း (၂၇၂) ဦး၊ တက်ရောက်ပြိုင်ပွဲဝင်ခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း(ကသာ)