ရွှေဘို မတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးမြမွန်က အမှာစကားပြောကြားရာ ဗဟုသုတများစွာ ပေးစွမ်းနိုင်သည့် စာကြည့်တိုက်များစနစ်တကျလည်ပတ်ရန်အတွက် စာကြည့်တိုက်မှူးများသည် အဓိကအရေးပါလှကြောင်း၊ သင်တန်းသား/ သူများအနေဖြင့် အခြေခံစာကြည့်တိုက် ပညာသင်တန်းမှ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးလိုက်သည့် ပညာရပ်များကို လက်တွေ့အသုံးချ၍ မိမိတို့၏ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ကြရန် ပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ရာ သင်တန်းသား/ သူများကိုယ်စား သင်တန်းသူတစ်ဦးက လက်ခံရယူခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြားကာ စုပေါင်းမှတ်တမ်းဓါတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါသင်တန်းကို မတ်လ (၁၈) ရက်နေ့မှ (၂၂) ရက်နေ့ထိ နည်းပြများက စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးခဲ့ပြီး သင်တန်းသား/သူ (၂၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အေးမြင့်စန်း