ငဖဲ မတ် ၂၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ဒေသတွင်းဆန်စပါးဖူလုံပိုလျှံစေရေးအတွက် ၂၀၂၅ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီတွင် မန်းချောင်းရေလှောင်တမံဆည်ရေဖြင့် နွေစပါးစိုက်ပျိုးရန် ၁၂၇၁ ဧက လျာထားခဲ့ရာ ယနေ့ထိ ၁၀၃ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် နွေသီးနှံများစိုက်ပျိုးရာသီ၌ ဒေသခံတောင်သူများ အဆင်ပြေစွာ ထွန်ယက်စိုက်ပျိုးနိုင်ရေးအတွက် မန်းချောင်းရေလှောင်တမံဆည်မှ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်၍ လက်ဝဲမြောင်းမကြီးမှ (၁၀၇၁) ဧကနှင့် လက်ယာမြောင်းမကြီးမှ (၂၀၀) ဧက စိုက်ပျိုးမည့် ကျေးရွာအုပ်စုများရှိ လယ်ယာမြေများသို့ နွေသီးနှံများ စိုက်ပျိုးရန် စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ စိုက်ပျိုးကြမည့်စပါးမျိုးများမှာ အောင်နိုင်တိုး ၅၃ ဧက၊ စာပိုးသာ ၈ ဧက၊ မနောသုခ ၃၀၄ ဧက နှင့် ဆင်းသုခ ၉၀၆ ဧက စုစုပေါင်း (၁၂၇၁)ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ရာ ယနေ့ထိ နွေစပါး ၁၀၃ ဧကစိုက်ပျိုးပြီးစီးနေပြီး လျာထားချက်ပြည့်မီရေး ဆက်လက်စိုက်ပျိုးလျက်ရှိသည်။
ငဖဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ဒေသတွင်းစားနပ်ရိက္ခာဖူလုံစေရေး၊ လယ်ယာကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်ရေးတို့ကို ဦးတည်ဆောင်ရွက်လျက်ရှိရာ နွေသီးနှံများစိုက်ပျိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဖွဲ့ စည်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး မျိုးကောင်းမျိုးသန့်စပါးမျိုးများ ရွေးချယ်စိုက်ပျိုးရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းတိုးတက်ရေးအတွက် လိုအပ်သည့် စိုက်ပျိုးရေးနည်းစနစ်များ၊ တောင်သူအသိပညာပေးလုပ်ငန်းများကို တာဝန်ရှိသူများနှင့် ကွင်းဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မယု(ငဖဲ)