ဟင်္သာတမြို့နယ်တွင်ရက် (၉၀) နွေစပါးမျိုးအား မျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် ကွင်းသရုပ်ပြစိုက် ပျိုးခြင်းအခမ်းအနားကျင်းပ

ဟင်္သာတ မတ် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် မြို့ကွင်းကျေးရွာအုပ်စုရှိ တောင်သူဦးဆန်းလွင်၏ ကွင်းအမှတ် (၁၂၉၁)၊ ဦးပိုင်အမှတ် (၂) ၊ မြေဧရိယာ (၁) ဧကတွင် (တတိယသီးနှံ) ရက် (၉၀) နွေစပါးမျိုးအား မျိုးစေ့ချကိရိယာ(Drum Seeder) ဖြင့် ကွင်းသရုပ်ပြစိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါနေရာ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် ခရိုင်နှင့်မြို့နယ် စိုက်တိုးမြင့်အဖွဲ့ဝင်များက စိုက်ပျိုးရေးဝန်ထမ်းများနှင့် တောင်သူများမှ ရက် (၉၀) နွေစပါး မျိုးစေ့များအား မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် စိုက်ပျိုးဆောင်ရွက်မှုအား ကြည့်ရှုအားပေးခဲ့ကြပြီး မြို့ကွင်းကျေးရွာအုပ်စုတွင် (တတိယသီးနှံ) နွေစပါး စိုက်ပျိုးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများအား စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေး၊ အခြားလိုအပ်သည်များလည်း ဆောင်ရွက်နိုင်ရေး မှာကြားဆောင်ရွက်ကာ ဒေသခံတောင်သူများမှ မြေပြင်အခြေအနေ၊ မိမိတို့ဆောင်ရွက်နေရသည့် အခက်အခဲများအား ပြန်လည်တင်ပြဆွေးနွေးမှုများအပေါ် ခရိုင်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုး၊ ခရိုင်/မြို့ နယ် စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ နွေစပါးစိုက်တောင်သူများစုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (ဟင်္သာတ)