သဲကုန်း မတ် ၂၂
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုများကို ယမန်နေ့က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ဦးစိုးမင်းထွေး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ဖြစ်ပွားနေသည့်ရောဂါများအလိုက် စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့) စစ်ဆေးဆောင်ရွက်ကုသပေးခဲ့သည်။
သဲကုန်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ငွေကြေးကုန်ကျမှုမရှိစေဘဲ ကျန်းမာရေးတိုးတက်ကောင်းမွန်စေရေး၊ ရောဂါများဖြစ်ပွားနေပါက စောလျင်စွာ ကုသခြင်းဖြင့် နောက်ဆက်တွဲ ဆိုးကျိုးများမဖြစ်ပေါ်စေရေး၊ ဆောင်ရန်/ရှောင်ရန်များအား သေချာစွာသိရှိနားလည်ပြီး သက်တမ်းစေ့နေထိုင်သွားနိုင်စေရေးတို့အတွက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား လစဉ်လတိုင်း (၂၁) ရက်နေ့တွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)