ဘားအံ မတ် ၂၂
ပြည်နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဋ္ဌိပထမပြန် စာမေးပွဲကို ဘားအံမြို့၊ ကျက်သရေဆောင်ကြာအင်းတောင်ခြေတွင် တည်ဆောက်ဆဲ ဖြစ်သော သာသနာ့ဝေစည် ဓမ္မဗိမာန်တော်ကြီးတွင်ကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အဆိုပါဗိမာန်ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး ပရိဝုဏ်အတွင်း နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပြီး ယာဉ်၊ ယန္တရားများအသုံးပြု၍ အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင် ရွက်မှုကို လိုက်လံကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တည်ဆောက်ဆဲဖြစ်သော သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှုရှိစေရေး၊ အစိုးရဓမ္မာစရိယ စာမေးပွဲနှင့် ပါဋ္ဌိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။
အလားတူ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် အခမ်းအနားကို FORESTS AND FOODS သစ်တောများနှင့်စားရေရိက္ခာများ ဆောင်ပုဒ်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒေသခံပြည်သူများက သစ်တောများ၏ စားရေရိက္ခာဖူလုံစေခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခြင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်းတို့အတွက် အရေးပါပုံကို သိမြင်နားလည်လက်ခံပြီး သစ်တောစီမံအုပ်ချုပ်ရေးလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်စေရန် တိုက်တွန်းပြောကြားသည်။
ကရင်ပြည်နယ်အနေဖြင့် အမြဲတမ်းသစ်တောနယ်မြေ ၃၂ ဒဿမ ၀၄ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ် ပြည်နယ်၏သစ်တောဖုံးလွှမ်းမှာ ၃၂ ဒဿမ ၅၃ ရာခိုင်နှုန်းရှိကာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာ ၃၁၇၈၉ ဒဿမ ၄၆ ဧကကို အသုံးပြုသူအဖွဲ့ဝင်ဦးရေ ၂၃၂၄ ဦးပါဝင်သည့် အသုံးပြုသူအဖွဲ့ပေါင်း ၁၆၈ ဖွဲ့သို့ ပြည်သူလူထုက ပူးပေါင်းပါဝင်သည့် သစ်တောစီမံအုပ်ချုပ်မှုဖွံ့ဖြိုးစေရေး ဆောင်ရွက်ပေးထားကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တက်ရောက်လာသူများက အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အထိမ်းအမှတ် ဗီဒီယိုကို အတူတကွ ကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော ပြည်နယ်အတွင်းရှိ သစ်တောနယ်မြေများ၏ တည်နေရာများ၊ ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် စားရေရိက္ခာ ဖူလုံမှုများ အစရှိသည့် သစ်တောဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာများနှင့် သစ်တောဦးစီးဌာန၏ လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ခရိုင် (ပြန်/ဆက်)