ဖောင်းပြင် မတ် ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် တောင်သူအများစုသည် ဆောင်းသီးနှံ ပဲမျိုးစုံကို ရိတ်သိမ်းကြပြီးဖြစ်ရာ သီးနှံအထွက်နှုန်းကျဆင်းသည့်အပြင် ရောင်းချချိန် သီးနှံဈေးနှုန်းနည်းသဖြင့် စိုက်ပျိုးသည့် ကုန်ကျစရိတ်နှင့်မကိုက်ညီပဲ တောင်သူများ ဆုံးရှုံးနစ်နာမှုရှိခဲ့ကြောင်း ပိုးစာကုန်းကျေးရွာမှ တောင်သူများ၏ ပြောကြားချက်အရ သိရသည်။
“သီးနှံတွေအထွက်နှုန်းကျဆင်းရတဲ့ အကြောင်းရင်းကတော့ ရာသီဥတုနဲ့ နယ်မြေဒေသ မအေးချမ်းမှုတွေကြောင့် ထွန်ယက်ချိန်နောက်ကျခဲ့ရတာ၊ စိုက်ချိန်နောက်ကျတာ၊ စိုက်ပျိုးရေးအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဈေးကြီးတာတွေကြောင့်ဖြစ်ပါတယ်။ စိုက်ပျိုးရေးမှာအသုံးပြုတဲ့ ဒီဇယ်၊ ပေါင်းသတ်ဆေးနဲ့ အပင်ကောင်းတဲ့ ဆေးတွေက ဈေးကြီးတော့ တောင်သူအများစုက ဝယ်မသုံးနိုင်ကြဘူး ဒါတွေကြောင့် သီးနှံတွေက ကောင်းသင့်သလောက် မကောင်းတာတွေဖြစ်ခဲ့ပါတယ်။ သီးနှံပေါ်လို့ ရောင်းရပြန် တော့လည်း ဝယ်ဈေးကနည်းနေတော့ တောင်သူတွေအားလုံး အရှုံးပေါ်ခဲ့တာပါ”ဟု ပိုးစာကုန်းကျေးရွာက တောင်သူတစ်ဦးက ပြောပြသည်။
စိုက်ပျိုးစဉ်က ဒီဇယ်ဈေးနှုန်းမြှင့်တက်ခဲ့ခြင်းကြောင့် ထွန်ယက်ခဈေးနှုန်းမြှင့်မားခဲ့ပြီး စိုက်ပျိုးပြီးသီးနှံများ ကောင်းမွန်ရန်အတွက် ပေါင်းသတ်ဆေးနှင့် အပင်ကောင်းမွန်သည့် သွင်းအားစုပစ္စည်းများမှာ ပြတ်လှပ်ခြင်း၊ ဈေးနှုန်းမြှင့်တက်ခြင်းတို့ကြောင့် အချိန်မီအသုံးပြုရခြင်းမရှိခဲ့သည့်အတွက် သီးနှံများမှာ ဖြစ်ထွန်းသင့်သည့်အခြေအနေတွင် မဖြစ်ထွန်းဘဲ သီးနှံများအထွက်နှုန်းကျဆင်းခဲ့ပြီး သီးနှံများရောင်းချချိန်တွင် ဈေးနှုန်းနည်းနေသဖြင့် တောင်သူများမှာ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးမှုတွင် ဆုံးရှုံးနစ်နာခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ဒေသတွင်းအများဆုံးစိုက်ပျိုးသည့် မြေထောက်ပဲမှာ တစ်ဧကစိုက်ပျိုးရန်အတွက် မျိုးစေ့နှစ် တင်းခွဲ၊ ထွန်ယက်ခ ၃၀၀၀၀၀ ကျပ်၊ မြန်မာ့ဩဘာမှရောင်းချသည့် ဖော်ကျွန်း၊ ဖော်ဝမ်း ပေါင်းသတ်ဆေးတစ်စုံလျှင် ၅၀၀၀၀ ကျပ်နှင့်ရိတ်သိမ်းရာတွင် လူတစ်ဦးလျှင် နေ့တွက်စရိတ် ၁၀၀၀၀ ကျပ်နှုန်းဖြင့် လူ ၈ ဦးမှ ၁၂ ဦး အသုံးပြုရပြီး စုစုပေါင်းကုန်ကျစရိတ်မှာ ၆၅၀၀၀၀ ကျပ်ခန့်ရှိကြောင်း၊ သီးနှံများရောင်းချရာတွင် နှစ်စဉ်ဈေးကောင်းရရှိသည့် မြေထောက်ပဲမှာ လက်ရှိဝယ်ယူသည့် ဈေးနှုန်းတစ်တင်းလျှင် ၅၀၀၀၀ ကျပ်သာရှိကြောင်း သိရသည်။
ယခုနှစ် ပဲအထွက်နှုန်းမှာ တစ်ဧက ၁၂ တင်းအထိသာ အများဆုံးထွက်ရှိခဲ့ပြီး အချို့တောင်သူများက စိုက်ပျိုးသည့်မျိုးစေ့ပမာဏပင် ပြန်မရရှိသည်များလည်းရှိကြောင်း၊ ပုံမှန်အားဖြင့် တစ်ဧက ပဲအထွက်နှုန်းမှာ ၁၅ တင်းမှ တင်း ၃၀ အထိ ထွက်ရှိကြောင်း၊ ကုန်ကျစရိတ်နှင့်ပဲအထွက်နှုန်း၊ ရောင်းချရသည့် ဈေးနှုန်းမကိုက်ညီသဖြင့် အရှုံးနှင့် ရင်ဆိုင်နေကြရကာ တောင်သူအများစုမှာ စားဝတ်နေရေးခက်ခဲလာမည်ကို စိုးရိမ်နေကြပြီး ကျောင်းနေအရွယ် ကလေးရှိသည့် မိသားစုများက စားဝတ်နေရေးအပြင် ကလေးများ၏ ပညာရေးအား ထိခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)