ဖောင်းပြင်မြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ ယခင်နှစ်ထက်ဖြေဆိုသူများလာ

ဖောင်းပြင် မတ် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က ဖောင်းပြင်စာစစ်ဌာနတွင် မတ်လ ၁၇ ရက်နေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပဖြေဆိုရာ မြန်မာစာဘာသာရပ်အား  ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၉၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး အေးချမ်းစွာဖြေဆိုနိုင်ခဲ့ ကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူ ၁၁ ဦးရှိသော်လည်း ယခင်နှစ်ထက် ဖြေဆိုသူအရေအတွက် များလာခဲ့ကြောင်း သိရသည်။

ထိုသို့ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပါဝင်ကာ လုံခြုံရေး၊ ကျန်းမာရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးစသည့် ကဏ္ဍအသီးသီးတို့တွင် အားဖြည့်ဆောင်ရွက်ကြသည်။

ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုရန် စာရင်းရှိကျောင်းသား၊ ကျောင်းသူ အရေအတွက် ၄၀၃ ဦးရှိပြီး ဖြေဆိုသူ ၃၉၂ ဦးရှိကြောင်း၊ ဖြေဆိုရန်ပျက်ကွက်သူ ကျောင်းသား ၈ဦး၊ ကျောင်းသူ ၃ ဦး စုစုပေါင်း ၁၁ ရှိကြောင်း၊ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၃၂၁ ဦး ဖြေဆိုခဲ့ကြရာ ၁၇၅ ဦး အောင်မြင်ခဲ့ပြီး အောင်ချက် ၅၄ ဒသမ ၅၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။

မြို့နယ်(ပြန်/ဆက်)