ပွင့်ဖြူ မတ် ၂၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ထောပတ်ပဲသီးနှံ (၉၇၀၆) ဧက ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် (၂၇) ဒသမ (၅) တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ထောပတ်ပဲသီးနှံ (၉၇၀၆) ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း အဆိုပါ ထောပတ်ပဲသီးနှံစိုက်ခင်းများကို ဒေသခံတောင်သူများက ယခုနှစ် ဇန်နဝါရီလမှ စတင်ရိတ်သိမ်းခြွေလှေ့ခဲ့ရာ ယနေ့တွင် ဧကအားလုံး ရာနှုန်းပြည့် ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။
“ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အတွင်း ထောပတ်ပဲသီးနှံ (၉၇၀၆) ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ အဲဒီ စိုက်ပျိုးထားတဲ့ ထောပတ်ပဲစိုက်ခင်းတွေ အခုလက်ရှိ ဧကအားလုံး ရိတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်။ ထောပတ်ပဲစိုက်ပျိုးချိန်မှာ သီးနှံအထွက်နှုန်းကောင်းမွန်အောင် ဒေသခံတောင်သူတွေကို လိုအပ်တဲ့ နည်းပညာတွေ၊ မျိုးတွေ၊ ပိုးမွှားရောဂါကာကွယ်ရေး နည်းလမ်းတွေကိုလဲ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ထောပတ်ပဲသီးနှံက ဈေးကွက်မှာ အရောင်းအဝယ် ကောင်းမွန်ပြီး ဈေးကောင်းရရှိတာကြောင့် တောင်သူတွေက နှစ်စဉ် ဆောင်းသီးနှံရာသီမှာ အားထား စိုက်ပျိုးကြပါတယ်” ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ထောပတ်ပဲစိုက်ပျိုးတောင်သူများကို သီးနှံကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားစေရေးအတွက် ဒေသနဲ့ကိုက်ညီသော မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးရေး၊ ပိုးမွှားရောဂါအန္တရာယ်ကင်းရှင်းရေး၊ မြေဩဇာစနစ်တကျ သုံးစွဲရေး၊ ရိတ်သိမ်းချိန်လွန် နည်းပညာပေးခြင်းတို့ကို ပံ့ပိုးကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တောင်သူများအနေဖြင့် ထောပတ်ပဲသီးနှံကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးပြီး အထွက်နှုန်းကောင်းမွန်အောင် စိုက်ပျိုးနိုင်မည် ဆိုပါက ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရုံသာမက ပိုလျှံမှုကို ရောင်းချနိုင်မည်ဖြစ်သောကြောင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်၍ ဒေသမရွေး ထောပတ်ပဲသီးနှံကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ရေး ကြိုးပမ်းသင့်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြ၍ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)