မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနား တက်ရောက်

မကွေး မတ် ၂၂

မကွေးတိုင်းဒေသကြီး ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံက သစ်ပင်၊ သစ်တောထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာဗဟုသုတများတိုးပွားစေရန်၊ ကမ္ဘာနှင့်အဝန်း အမျိုးအစားစုံလင်သော သစ်တောဂေဟစနစ်များ၏ အရေးပါမှုကို ပိုမိုသိရှိနားလည်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပြီး နှစ်စဉ် မတ်လ (၂၁) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ “International Day of Forests” အဖြစ် ၂၀၁၂ ခုနှစ်က စတင်သတ်မှတ်ပေးခဲ့ကြောင်း၊ ကမ္ဘာ့လူသားအားလုံးအတွက် စားဝတ်နေရေး၊ ကျန်းမာရေး၊ သာယာဝပြောရေးတို့အတွက်မရှိမဖြစ် အရေးပါသည့် သစ်တောများကို ထိန်းသိမ်းစောင့်ရှောက်ကြရန် နှိုးဆော်သည့်အနေဖြင့် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အခမ်းအနားကို နှစ်စဉ်လှုံ့ဆော်ရေးဆောင်ပုဒ်များ သတ်မှတ်ပြီးကျင်းပခဲ့ရာ ယခုနှစ်ဆောင်ပုဒ်မှာ “Forests and Foods” “သစ်တောများနှင့် စားရေရိက္ခာများ”ဖြစ်ပါကြောင်း၊ ယခုအခါမှာ ကမ္ဘာနှင့်တစ်ဝန်း ရင်ဆိုင်ကြုံတွေ့နေရသည့် ရာသီဥတုပြောင်းလဲဖောက်ပြန်မှု၊ ကိုဗစ်-၁၉ ကဲ့သို့ ကပ်ရောဂါများဖြစ်ပွားမှု၊ ပဋိပက္ခများဖြစ်ပွားမှု၊ သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်မှုများကြောင့် စားရေရိက္ခာထုတ်လုပ်မှုကျဆင်းလာပြီး ကမ္ဘာပေါ်ရှိ လူသန်းပေါင်း (၇၃၃)သန်းခန့် ငတ်မွတ်မှုနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း၊ လူသန်းပေါင်း (၈၁၅) သန်းခန့်သည် အဟာရချို့တဲ့လျက်ရှိကြောင်းနှင့် တစ်နေ့လျှင် ကလေး(၁၆,၀၀၀)ကျော် ငတ်မွတ်ခေါင်းပါးမှုကြောင့် သေဆုံးရလျက်ရှိကြောင်း ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က ထုတ်ပြန်ထားပါကြောင်း၊ ထို့ကြောင့်လည်း ကမ္ဘာ့စားရေရိက္ခာဖူလုံရေးအတွက် သစ်တောဂေဟစနစ်များ မြှင့်တင်ထိန်းသိမ်းပေးရန် နှိုးဆော်လျက်ရှိပြီး ကမ္ဘာပေါ်မှာရှိသည့် အပင်နှင့် တိရစ္ဆာန်များ ရှင်သန်ကြီးထွားရန်အတွက် ကောင်းမွန်တည်မြဲသည့် ဂေဟစနစ်များသည် အခြေခံအုတ်မြစ်များဖြစ်ပါကြောင်း၊ သစ်တောများက စားရေရိက္ခာထုတ်ကုန်များ ပံ့ပိုးမှုအနေဖြင့် လူသား (၅) ဘီလီယံကျော်က သစ်တောနှင့် သစ်မဟုတ်သော သစ်တောထွက်ပစ္စည်းများကို အစားအစာ၊ ဆေးဝါးနှင့် အသက်မွေးဝမ်းကျောင်းမှုများအတွက် အသုံးပြုလျက်ရှိပြီး ခေတ်မီဆေးဝါးများ၏ (၂၅)ရာခိုင်နှုန်းကျော်သည် အပူပိုင်းသစ်တောများမှရရှိကြောင်း၊ နှစ်စဉ် အမေရိကန်ဒေါ်လာ (၁၂) ဘီလီယံတန်ဖိုးနှင့်ညီမျှသော စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် ဝတ်မှုံကူးခြင်းကို သစ်တောများက ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း၊ လူသားတို့အတွက် မရှိမဖြစ်လိုအပ်သည့် အဟာရများဖြစ်သည့် အစေ့အဆန်၊ သစ်သီး၊ သစ်ဥသစ်ဖု၊ ဟင်းသီးဟင်းရွက်၊ မှို၊ ပျားရည်၊ အင်းဆက်ပိုးမွှားစားစရာနှင့် အသားငါးများကို သစ်တောသစ်ပင်များက စဉ်ဆက်မပြတ် ပံ့ပိုးပေးလျက်ရှိကြောင်း၊ သစ်တောများမှ ပံ့ပိုးပေးလျက်ရှိသည့် အသားငါးပရိုတင်းဓာတ်များသည် အပူပိုင်းဒေသရှိ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုင်းရင်းသားများနှင့် ကျေးလက်နေပြည်သူများအတွက် အရေးကြီးသည့် အရင်းအမြစ်တစ်ခုဖြစ်ပြီး တောရိုင်းတိရစ္ဆာန်မျိုးစိတ်ပေါင်း (၃၂၀၀)ကျော်ကို အစားအစာအဖြစ် အသုံးပြုလျက်ရှိကြောင်း၊ လူဦးရေ (၂)ဘီလီယံကျော်က သစ်တောများမှ ထင်းနှင့် အခြားလောင်စာများကို စုဆောင်းရယူလျက်ရှိကြောင်း၊ အမေရိကန်ဒေါ်လာ (၁၀၈)သန်းနှင့်ညီမျှသည့် ဆေးဖက်ဝင်အပင်များကို အပူပိုင်းသစ်တောများက နှစ်စဉ်ထောက်ပံ့ပေးလျက်ရှိကြောင်း လေ့လာသိရှိရပါကြောင်း၊ ကမ္ဘာသစ်တောများက စားရေရိက္ခာဆိုင်ရာ ဝန်ဆောင်မှုများအနေဖြင့် သစ်တောဧရိယာ ဟက်တာသန်းပေါင်း (၃၃၀)က မြေဆီလွှာထိန်းသိမ်းရေး၊ ရေဝေရေလဲထိန်းသိမ်းရေး၊ ရေခဲတောင်များပြိုကျမှုမှ တားဆီးကာကွယ်ရေး၊ သဲကန္တာရဖြစ်ထွန်းမှုကို လျှော့ချကာကွယ်ရေး၊ သဘာဝဘေးအန္တရာယ်များ လျှော့ချတုန့်ပြန် ကာကွယ်တားဆီးရေးတို့အတွက် ဝန်ဆောင်မှုများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ကမ္ဘာ့မြို့ကြီးများ၏ (၈၅)ရာခိုင်နှုန်းကျော်အတွက် လိုအပ်သည့်ရေချိုကို ရေဝေရေလဲသစ်တောများက ထောက်ပံ့ပေးလျက်ရှိပြီး မြို့ပြတွင်နေထိုင်သူ (၁.၇)ဘီလီယံကျော်အတွက် ရေအရည်အသွေးကောင်းမွန်အောင် မြှင့်တင်ပေးလျက်ရှိကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအနက် သစ်တောဖုန်းလွှမ်းမှု အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံ့ဧရိယာ၏ (၄၂.၁၉) ရာခိုင်နှုန်းဟာ သစ်တောများ ဖုန်းလွှမ်းလျက်ရှိပြီး သစ်တောပြုန်းတီးမှု (ဝ.၉၈)ရာခိုင်နှုန်းရှိကြောင်း၊ ကုလသမဂ္ဂစားရေရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့၏ သစ်တောသယံဇာတ ဆန်းစစ်လေ့လာခြင်းအစီရင်ခံစာမှာ ဖော်ပြထားကြောင်း၊  ယခုအခါ ၂၀၂၅ ခုနှစ် သစ်တောဖုံးလွှမ်းမှု အစီရင်ခံစာကို ပြုစုလျက်ရှိပြီး ပဏာမဆန်းစစ်ချက် ရလဒ်များအရ သစ်တောဖုံးလွှမ်းမှု (၄၂.၁၅)ရာခိုင်နှုန်းခန့် ရှိပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်လျှင် သစ်တောဖုံးလွှမ်းမှုရာခိုင်နှုန်းဟာလည်း (ဝ.၀၄)ရာခိုင်နှုန်းသာ လျော့နည်းသွားသည်ကို တွေ့ရှိရသည့်အတွက် သစ်တောပြုန်းတီးမှု လုံးဝပပျောက်စေရေးနှင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်း တိုးတက်လာစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ လူဦးရေ (၅၁.၃)သန်းကျော်ရှိသည့်အနက် (၇၀%)ကျော်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး နိုင်ငံ့သစ်တောများကနေ အစားအစာ၊ ဆေးဝါး၊ ရေ၊ လောင်စာ၊ သစ်တောထွက်ပစ္စည်းထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို မှီတည်ပြီး အသက်မွေးဝမ်းကြောင်းမှုပြုလျက်ရှိပါကြောင်း၊ နိုင်ငံ၏ အဖိုးတန် သစ်တောသယံဇာတတွေ ရေရှည်တည်တံ့ပြီး နိုင်ငံစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်အတွက် မြန်မာ့သစ်တောမူဝါဒနှင့်အညီ သစ်တောများကို စီးပွားရေးအမြင်၊ လူမှုရေးအမြင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင် အစရှိသည့် အမြင်မျိုးစုံ၊ ရှုထောင့်မျိုးစုံနှင့် ရှုမြင်ပြီး သားစဉ်မြေးဆက် ရေရှည်ထိန်းသိမ်းအသုံးပြုနိုင်ရန် စနစ်တကျ စီမံအုပ်ချုပ်လျက်ရှိပါကြောင်း၊ အမျိုးသားသစ်တောကဏ္ဍနှစ် (၃၀) ပင်မစီမံကိန်းနှင့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှုနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအစဉ်ပါ သစ်တောကဏ္ဍဆိုင်ရာ ရည်မှန်းချက်များအရ နိုင်ငံဧရိယာ၏ (၃၀%)ကို ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများအဖြစ်လည်းကောင်း၊ (၁၀%)ကို သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ်လည်းကောင်း ဖွဲ့စည်းသွားရန် လျာထားဆောင်ရွက်လျက်ရှိရာ ယနေ့အထိ မကွေးတိုင်းဒေသကြီးအတွင်း ကြိုးဝိုင်းတော (၁၀၅)ခု၊ ကြိုးပြင် ကာကွယ်တော (၇၂)ခုနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေ (၄)ခု၊ စုစုပေါင်းဧရိယာ (၂၉,၀၂,၄၈၀) ဧကဖွဲ့စည်းသတ်မှတ်ခဲ့ပြီး မကွေးတိုင်းဒေသကြီး ဧရိယာ၏ (၂၆.၂၁%)ရှိကာ စားရေရိက္ခာနှင့် ဂေဟစနစ်ဝန်ဆောင်မှုများ ပိုမိုတိုးမြှင့် ဖြည့်ဆည်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အခမ်းအနားကို ကျင်းပဆောင်ရွက်ရာမှာ နိုင်ငံသူနိုင်ငံသားများက သစ်တောများ၏ စားရေရိက္ခာဖူလုံစေခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ခြင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်းတို့အတွက် အရေးပါပုံကို သိမြင်နားလည်လက်ခံပြီး သစ်တောစီမံအုပ်ချုပ်ရေးလုပ်ငန်းများမှာ စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်  တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ဗွီဒီယိုပြသခဲ့ပြီး မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူကာ ၂ဝ၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ခင်းကျင်းပြသထားသော ပြခန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများမှ လှည့်လည်ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ