စလင်းမြို့နယ်၌ အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးတာဝန်ရှိသူများမှ စောင့်ကြည့်ကွင်းဆင်းစစ်ဆေးဆောင်ရွက်

စလင်း မတ် ၂၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်းရောင်းချလျက်ရှိသည့် ဝက်၊ အမဲ၊ ဆိတ်နှင့် အသားငါးများစျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး သတ်မှတ်ရည်ညွှန်းစျေးထက်ရောင်းချမှုမရှိစေရန် တာဝန်ရှိသူများက ကွင်းဆင်းစောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၈) နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းများ၊ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ တာဝန်ရှိ ဝန်ထမ်းများ၊ စျေးတာဝန်ခံ၊ စည်ပင်သာယာရေးအဖွဲ့ကော်မတီဝင်များနှင့် ဝန်ထမ်းများ ပူးပေါင်းအဖွဲ့များပါဝင်သော အဖွဲ့များလိုက်ပါ၍ ဝက်၊ အမဲ၊ ဆိတ်သားအပါအဝင် အသားငါး စျေးနှုန်းများအား သတ်မှတ်ရည်ညွှန်း စျေးထက်စျေးနှုန်း မြှင့်တင်ရောင်းချမှု မရှိစေရန်နှင့် အလေးချိန်ခွင်ပြည့်ဝစွာ ချိန်တွယ်အလေးချိန်ပြည့်စွာဖြင့် သတ်မှတ်စျေးနှုန်းများအတိုင်း ပြည်သူအများ ဝယ်ယူစားသုံးနိုင်စေရန်နှင့် စျေးနှုန်းမြှင့်တင်၍ ရောင်းချမှုမရှိစေရန်တို့ကို ဗီနိုင်းပိုစတာများ ချိတ်ဆွဲထားရှိပြီး လက်ကိုင်အသံချဲစက်များဖြင့် လိုက်လံကြေညာ၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

(မောင်လွင်) စလင်း