နတ်မောက် မတ် ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ဒေသတွင်းဝမ်းစာဖူလုံရေးအတွက် ၂၀၂၅- ခုနှစ် နွေစပါးသီးနှံ စိုက်ပျိုးရာသီအတွက် ရေလှောင်တမံများမှ စိုက်ပျိုးရေများကို ပေးဝေနေပြီဖြစ်ရာ နွေစပါးစိုက်ပျိုး မည့်တောင်သူများအနေဖြင့် စိုက်ပျိုးရန် စပါးမျိုးများကို ဘောင်တင်စနစ်ဖြင့် ပျိုးထောင်လျက်ရှိသည်။ ၂၀၂၅-ခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးမှုအဆင်ပြေစေရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကျေးရွာရှိ နွေစပါးစိုက်တောင်သူများနှင့် ပူးပေါင်းပြီးဘက်စုံအဆင့်မြှင့် နည်းပညာသုံးစံပြကွက်များ၊ မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်များ စိုက်ပျိုးခြင်း၊ မျိုးကောင်း မျိုးသန့်နှင့်မျိုးစေ့များပံ့ပိုးပေးခြင်း၊ စပါးမျိုးများ ပျိုးထောင်ရာတွင် ကျဲပက်စနစ်ဖြင့်ပျိုးထောင်ခြင်း၊ ဘောင်တင်စနစ်ဖြင့် ပျိုးထောင်ခြင်းများပြုလုပ်လျက်ရှိကာ စပါးမျိုးပျိုးထောင်ပြီးသည့်အချိန်မှစတင်၍ သတ်မှတ်ရက်အတွင်း ရွေ့ပြောင်းစိုက်ပျိုးရမည့် နည်းစနစ်များနှင့် ထည့်သွင်းပေးရမည့် သွင်းအားစုများကို စနစ်တကျလိုက်နာကျင့်သုံးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ်၊ နတ်မောက်မြို့နယ်တွင် နွေစပါးကို နတ်မောက်တမံတွင် (၃၂၂) ဧက၊ ကျောက်တံခါး ဆည်ရေသောက် (၁၆၀၀) ဧကနှင့် ဆည်ငယ်ကန်ငယ်များတွင် (၂၄၀) ဧက စုစုပေါင်းလျာထားဧက (၂၁၆၂) စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒေါ်မြင့်မြင့်ချို ဦးစီးအရာရှိထံက သိရသည်။
မူမူစန်း