ကသာ မတ် ၂၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ၊ အသိပညာပြန့်ပွားရေးနှင့် ပညာပေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွှဲ (၁) နာရီခွဲအချိန်က "စုပေါင်းကာကွယ်မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်" နှင့် "အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး" အကြောင်း သိကောင်းစရာအသိပညာပေးဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန (Community Cintre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းကိုဦးက "မီးခိုးမြူငွေ့ဆိုတာဘာလဲ"၊ "မီးခိုးမြူငွေ့များကြောင့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများ"၊ မီးခိုးမြူငွေ့ဖြစ်ပေါ်စေသော မီးလောင်ကျွမ်းမှုများ"၊ “လူတို့ကြောင့် မီးလောင်ကျွမ်းခြင်းအကြောင်းအရာများ"၊ မီးခိုးမြူငွေ့များကြောင့် ကျန်းမာရေးအပေါ် သက်ရောက်မှုများ"၊ မီးခိုးမြူငွေ့များကြောင့် ပတ်ဝန်းကျင်အပေါ်သက်ရောက်မှုများ"၊ "မီးခိုးမြူငွေ့တွင် ပါဝင်သည့် လေထုညစ်ညမ်းစေသော အရာများ"၊ မြန်မာနိုင်ငံမီးခိုးမြူငွေ့ညစ်ညမ်းမှုအခြေအနေများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရန်နည်းလမ်းများ အကြောင်းကိုလည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်မိုးမိုးငြိမ်းက "အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး" ဆိုင်ရာနှင့် ပတ်သက်၍ အရွယ်သုံးပါးမိန်းမသား၊ ပတ်ဝန်းကျင်ဆိုင်ရာများ ညစ်ညမ်းမှုများ၊ အမျိုးသမီးများရင်ဆိုင်ရသည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများနှင့် ပြဿနာများ၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၁၂) ချက်၊ အမျိုးသမီးများ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် ဆောင်ရွက်နိုင်မှုများ အကြောင်းကိုလည်းကောင်း အသီးသီးရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာကြသည့် သင်တန်းသား/သင်တန်းသူများက သိရှိလိုသည်များကို မေးမြန်းဆွေးခဲ့ကြရာ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိများက ပြန်လည်ဖြေကြားခဲ့ပြီး "အမျိုးသမီးများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး" အသိပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ရဲလင်းထွန်း