ငပုတောမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ဆန်၊ ဆီ၊ ကြက်ဥများ ဈေးနှုန်းသက်သာစွာဖြင့်‌ ရောင်းချ‌ပေး

ငပုတော မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်စီမံမှုဖြင့် မြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား ဆန်၊ ဆီနှင့် ကြက်ဥများအား ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြန်မာ့စီးပွားရေးဘဏ် ရှေ့တွင်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တိုင်းရင်းဆေးဦးစီးဌာနဝန်ထမ်းများက  နိုင်ငံ့ဝန်ထမ်းပင်စင်စားများကို သွေးပေါင်ချိန်ခြင်း၊ ဆီးချိုသွေးချိုစစ်ပေးခြင်း၊ သွေးတွင်းအောက်စီဂျင်များစစ်‌ပေးခြင်း၊ ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်း၊ အထွေထွေရောဂါလူနာများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီနှင့် ကြက်ဥများကို ဈေးနှုန်းသက်သာစွာဖြင့် နိုင်ငံ့ဝန်ထမ်း ပင်စင်စားများအား ရောင်းချပေးခဲ့သည်။

အဆိုပါ နိုင်ငံ့ဝန်ထမ်းပင်စင်စားများအား(အခမဲ့) ကျန်းမာရေးစောင့်ရှောက်မှုများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦး‌ကျော်သူနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်တို့က လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ(ငပုတော)