တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘိုကလေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း ဖွင့်ပွဲအခမ်းအနားနှင့် မော်လမြိုင်ကျွန်း မြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားများတက်ရောက်

ပုသိမ် မတ် ၂၁

နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖျာပုံခရိုင်၊ ဘိုကလေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါကွင်းတွင် ပြုလုပ်လုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ဖျာပုံခရိုင်၊ ဘိုကလေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်း မုခ်ဦးအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဘင်ခရာအဖွဲ့၊ အကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး အဝေးပြေးယာဉ်ရပ်နားစခန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယာဉ်လိုင်းများ စနစ်တကျပြေးဆွဲရေး၊ ခရီးသည်များ အန္တရယ်ကင်းရှင်းစွာ လိုက်ပါစီးနင်းနိုင်ေရးနှင့် ယာဉ်/လမ်းစည်းကမ်းများ လိုက်နာရေး တာဝန်ရှိသူများအား မှာကြားခဲ့ပြီး ခရီးသွားပြည်သူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် က“ ဘိုကလေးမြို့ အဝေးပြေးယာဉ်ရပ်နားစခန်းကို ယနေ့တွင်ဖွင့်လှစ် နိုင်ခဲ့သဖြင့် ခရီးသွား လာမှုများနှင့် ကုန်စည်စီးဆင်းမှုကို များစွာအထောက်ကူ ပြုမည်ဖြစ်ပါကြောင်း၊ ယခင်က ရေလမ်းခရီးကိုသာ အဓိကထားအသုံးပြုခဲ့ရာမှ ယနေ့ကာလတွင် ကားလမ်းများကိုတွင် ကျယ်စွာ အသုံးပြုလာကြပြီဖြစ်ပါကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် အဝေးပြေးယာဉ်ရပ်နားစခန်းတွင် စနစ်တကျ စီးနင်းအသုံးပြုနိုင်မည်ဖြစ်သည့်အပြင် ကုန်စည်စီးဆင်းမှုကိုလည်း ပိုမိုမြန်ဆန်လာမည် ဖြစ်ပါကြောင်း၊ အဝေးပြေးယာဉ်ရပ်နားစခန်းတစ်ခု၏ အင်္ဂါရပ်နှင့် ပြည့်စုံစေရေး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများလည်း ပြီးဆုံးသည်အထိ အလျင်အမြန်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း” အမှာစကားပြောကြားသည်။

ဆက်လက်၍  အဝေးပြေးယာဉ်ရပ်နားစခန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးက အဝေးပြေးယာဉ်ရပ်နားစခန်းဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် ပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား တာဝန်ရှိသူများက ဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၌ နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့်ဆောင်ရွက်သည့်  ကျေးရွာလျှပ်စစ်မီးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်  ဖွင့်ပွဲဆိုင်းဘုတ်အား မီးခလုပ်နှိပ် ဆက်လက်ဖွင့်လှစ်ပေးပြီး အမွှေးနံ့သာများပက်ဖြန်းခဲ့သည်။ ထို့နောက် အကအဖွဲ့များအား ဆုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြသည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျေးရွာအတွင်းရှိ နေအိမ်များတွင် တပ်ဆင်ထားသော လျှပ်စစ်မီးမီတာများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။ မရဲ့အုန်းပင်စုကျေးရွာရှိ အိမ်ထောင်စု (၉၅)စုအတွက် အိမ်သုံးမီတာ(၅၀)လုံး တပ်ဆင်ပြီးစီးပြီဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာရှိ  တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက (၂၂၀)ဧကတွင် ပြုလုပ်သည့် နယူးဧရာ(၁)မျိုးစပါး နွေစပါးစံကွက်ရိတ်သိမ်းပွဲအား တက်ရောက်ကာ တောင်သူများနှင့်တွေ့ဆုံ၍ အထွက်တိုးမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးရေး၊  တစ်ဧက အထွက်နှုန်းတိုးတက်ရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားကာ နွေစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ တောင်သူဦးတင်အောင်သန်း၏ စိုက်ဧက (၂၂၀)ဧကတွင် ပြုလုပ်သည့် နယူးဧရာ(၁) စပ်မျိုးစပါး နွေစပါးစံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်းမှာ စပါးအခြောက် (၂၄၄.၅၂)တင်း ထွက်ရှိခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် စီးပွားချောင်ကျေးရွာတွင် စနစ်တကျလယ်ယာမြေ ဧက(၁၀၀) ထပ်မံဆောင်ရွက်မည့်  တောင်သူ (၁၁)ဦး၏ နယူးဧရာ ၁ မျိုးစပါး (၁၀၆)ဧက စိုက်ခင်းသို့လည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးရန်ပုံငွေ ဖြင့်ဆောင်ရွက်သည့် မရဲအုန်းပင်စု ကျေးရွာအုပ်စုရှိ ငှက်ဥကွင်းမြောင်း  ပြန်လည်တူးဖော်ခြင်း  မြောင်းအလျား ၁.၈၉၄ မိုင်၊ ထိပ်ဝ အကျယ်၂ဝ ပေ၊ အောက်ခြေအကျယ် ၆ပေ၊ ပျမ်းမျှအနက် ၇ပေ လုပ်ငန်း ဆောင်ရွက်နေမှု အားလည်းကာင်း၊ မရဲ့အုန်းပင်စု ကျေးရွာကျေးရွာတွင် စနစ်တကျလယ်ယာမြေ ဧက(၁၀၀) ထပ်မံဆောင်ရွက်မည့်  တောင်သူ ၁၂ ဦး၏ ထိုင်းဘေးကြားမျိုးစပါး (၁၀၈)ဧက စိုက်ခင်းသို့ လည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် (တိုင်းဒေသကြီး)ရန်ပုံငွေ ဖြင့်ဆောင်ရွက်သည့် မရဲအုန်းပင်စုကျေးရွာအုပ်စုရှိ ကျုံကရင်မြောင်း ပြန်လည်တူးဖော်ခြင်း  မြောင်းအလျား ၁.၃၂၆ မိုင်၊ ထိပ်ဝအကျယ်၂ဝ ပေ၊ အောက်ခြေအကျယ် ၆ပေ၊ ပျမ်းမျှအနက် ၇ပေ လုပ်ငန်း ဆောင်ရွက်နေမှုအားလည်း ကောင်း၊ ၂၀၂၅ခုနှစ်၊ တတိယ သီးနှံအဖြစ် ဆီထွက်သီးနှံ နှမ်း(၁၂)ဧက စိုက်ပျိုးပွဲအားလည်းကောင်း၊ စပါးမျိုး(၆)မျိုး မျိုးယှဉ်ပြိုင်စမ်းသပ်ကွက်၊ စိုက်နည်းစနစ်(၅)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်နှင့် စနစ်တကျလယ်ယာမြေ ဧက(၁၀၀)စိုက်ကွင်းအားလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ မရဲ့အုန်းပင်စုကျေးရွာရှိ စနစ်တကျလယ်ယာမြေ၊ နွေစပါးစံကွက်ရိတ်သိမ်းပွဲ၊ တတိယသီးနှံနှမ်းစိုက်ပျိုးပွဲ၊ မျိုးစပါးယှဉ်ပြိုင် စမ်းသပ်ကွက်များအား မြောင်းမြခရိုင်နှင့် လပွတ္တာခရိုင်မှ  တောင်သူကြီးများလာရောက် ကြည့်ရှုအားပေးကြသည်ကို တွေ့ရပါကြောင်း၊ မရဲ့အုန်းပင်စုကျေးရွာသည် စံပြကျေးရွာ ဖြစ်သည်နှင့်အညီ စိုက်ပျိုးရေး လုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်ထားသည်ကို တွေ့ရပါကြောင်း၊ တိုင်းဒေသ ကြီးအနေဖြင့် မိုးစပါး၊ နွေစပါး တစ်ဧက(၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေးအပြင် သီးနှံစုံ ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် ရည်မှန်းချက်ထားဆောင်ရွက်လျက်ရှိပါကြောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်သည် ယခင်က နှမ်းမြို့တော်ဟု တင်စားခေါ်‌ဝေါ်ခဲ့ကြပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက်  မြေပဲ၊ နှမ်း၊ နေကြာ အစရှိသည့် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုး ကြရမည်ဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအားများ တိုးတက်စေရေးအတွက်  စနစ်ကျလယ်ယာ‌မြေများ ဖော်ထုတ်ရန်လိုအပ်ပြီး စက်မှုလယ်ယာဦးစီးဌာနနှင့် တောင်သူကြီး များစုပေါင်း၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ဆီဖူလုံမှုရှိစေရေးနှင့် မိုးစပါးနွေစပါး ပန်းတိုင်အထွက်နှုန်း ရောက်ရှိရေးအတွက် တစ်သီးမှနှစ်သီး၊ နှစ်သီးမှသုံးသီးအထိ ပိုမိုစိုက်ပျိုးနိုင်ရေးနှင့် တောင်သူကြီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း" အမှာစကားပြောကြားခဲ့ပါသည်။ ထို့နောက် တောင်သူ ဦးတင်အောင်သန်းက စိုက်ပျိုးရေးအတွေ့အကြုံများနှင့် ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်စကားပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်ဖွင့်လှစ်သည့် မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းကွန်ကရစ်ခင်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် သယံ ဇာတရေးရာဝန်ကြီးထံသို့ လမ်းဖွင့်ပွဲအထိမ်းအမှတ် လက်ဆောင်ပစ္စည်းအား တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးကလည်းကောင်း၊ တိုင်းဒေသကြီးစည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူးထံသို့ ဝါးခယ်မမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိကလည်းကောင်း ပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး၍ ကွန်ကရစ်လမ်းသစ်အား ကြည့်ရှုစစ်ဆေးခဲ့ကာ ဘင်ခရာအဖွဲ့နှင့် ဖျော်ဖြေရေးအဖွဲ့များကို ဆုချီးမြှင့်ငွများ ပေးအပ်ခဲ့သည်။ ယနေ့ဖွင့်လှစ်သည့် ဝါးခယ်မမြို့၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေ (၄၇.၆၅)သန်း ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး လမ်းအရှည် (၄၄၀)ပေ၊ အကျယ် (၃၀)ပေ၊ ထု (၆)လက်မရှိကြောင်း သိရှိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)