မကွေး မတ် ၂၁
မြန်မာနိုင်ငံကြက်ခြေနီအသင်း မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဘက်စုံသုံးအဆောက်အဦနှင့် သိုလှောင်ရုံဖွင့်ပွဲအခမ်းအနားကို မကွေးမြို့နယ် နံကပ်ကျွန်းကျေးရွာအနီး အဆိုပါအဆောက်အဦရှေ့၌ ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဒုတိယဥက္ကဋ္ဌ၊ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ ဒုတိယအထွေထွေအတွင်းရေးမှူးနှင့် ဌာနအသီးသီးမှ ညွှန်ကြားရေးမှူးများ၊ IFRC, ICRC, Danish Red Cross, German Red Crosse ဌာနေကိုယ်စားလှယ်များ၊ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒေသအတွင်းရှိ ကြက်ခြေနီအသင်းဝင်များ၊ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ လူငယ်အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွန့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း အချိန်ပြည့်အလုပ်အမှုဆောင် ပါမောက္ခဒေါက်တာ တင်မောင်လှိုင်၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်းမှ Mrs. Marie နှင့် မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာချောခင်တို့က ကြက်ခြေနီသိုလှောင်ရုံနှင့် ဘက်စုံသုံးအဆောက်အဦသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌတို့က သိုလှောင်ရုံမိန်းတံခါးမကြီးအား စက်ခလုပ်နှိပ်ဖွင့်လှစ်၍ တာဝန်ရှိသူများနှင့်အတူ ကဗ္ဗည်းကြေးပြားအား အမွေးနံ့သာများ ပက်ဖျန်းကာ သိုလှောင်ရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ မဏ္ဍပ်အတွင်း ဖွင့်ပွဲအထိမ်းအမှတ်အခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးအတွင်း သဘာဝဘေးအမျိုးမျိုးအတွက် ချက်ချင်းကူညီ တုံ့ပြန်ဆောင်ရွက်နိုင်မည့် အရေးပါသော နေရာတစ်ခုကို ဖွင့်လှစ်လိုက်နိုင်သည့်အတွက် လွန်စွာမှ အကျိုးပြုမည့်နေရာတစ်ခု ဖြစ်ထွန်းလာသည်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လွန်စွာမှ ဝမ်းမြောက်မိပါကြောင်း၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော ကူးစက်ရောဂါတုံ့ပြန်ကာကွယ်ရေးလုပ်ငန်းများ၊ သဘာဝဘေးတုံ့ပြန်ကာကွယ်ရေးလုပ်ငန်းများ၊ လူထုအကျိုးပြုဖွံ့ဖြိုးရေးလုပ်ငန်းများ၊ လူနာတင်ယာဉ်သွေးလှူဒါန်းမှုလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်နေသည်ကိုလည်း တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အထူးမှတ်တမ်းတင်အပ်ပါကြောင်း၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် မကွေးတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်ခဲ့သော ကိုဗစ်-၁၉ ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများတွင် အသုံးပြုရန် အကာအကွယ်ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများလှူဒါန်းခြင်း၊ ဒေသတွင်း မတည်ငြိမ်သောနေရာများတွင် အစားအစာနှင့် အစာအစားမဟုတ်သော ထောက်ပံ့မှုများပေးခြင်း၊ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်း၊ လူနာတင်ယာဉ်ဆိုင်ရာထောက်ပံ့မှုများ၊ မိုခါဆိုင်ကလုန်းမုန်တိုင်း ပြန်လည်တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းများ၊ ငွေကြေးမဟုတ်သော ပစ္စည်းများထောက်ပံ့ခြင်း၊ မိသားစုများအား အသက်မွေးဝမ်းကြောင်းလုပ်ငန်းအတွက် ငွေကြေးထောက်ပံ့ခြင်း၊ ရေတွင်းရေကန်နှင့် ယင်လုံအိမ်သာများ ထောက်ပံ့ခြင်း၊ အခြားသောနည်းပညာပံ့ပိုးမှုများ စသောလုပ်ငန်းများအား ကြက်ခြေနီအခြေခံမူများနှင့်အညီ ရွေးချယ်ထောက်ပံ့ပေးအပ်ခဲ့သည့်အတွက်လည်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအား တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း တိုင်းဒေသကြီးအတွင်း ကြက်ခြေနီလူမှုဂရုဏာလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ကြက်ခြေနီစေတနာလုပ်အားရှင်များ တိုးပွားစေရန်အတွက် အခြေခံရှေးဦးပြုစုခြင်းသင်တန်းများ ဖွင့်လှစ်နိုင်ရေး၊ သဘာဝဘေးများတွင်လည်း ကူညီဆောင်ရွက်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့အောင် ညှိနှိုင်းဆောင်ရွက်ပေးခြင်းစသော လုပ်ငန်းများကို အစဉ်တစိုက် ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိသလို ဆက်လက်ပြီးတော့လည်း မိမိတို့တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တတ်စွမ်းသလောက် ထပ်မံကူညီထောက်ပံ့ပေးသွားမှာလည်းဖြစ်ပါကြောင်း၊ လူမှုဂရုဏာလုပ်ငန်းများကို အစဉ်တစိုက် အခက်အခဲမရှိ ဆောင်ရွက်နိုင်ရန်အတွက် ယခုရုံးအဆောက်အဦ တည်ဆောက်ထားသောမြေနေရာ (၁.၀၉)ဧကအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ ပံ့ပိုးကူညီပေးခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီအနေဖြင့်လည်း စေတနာလုပ်အားရှင်များ တိုးပွားလာအောင် မွေးထုတ်ကြရန်နှင့် တိုးတက်လာသော စေတနာလုပ်အားရှင်များကိုလည်း အရည်အချင်းပြည့်မှီပြီး ပြည်သူလူထုကို ကူညီဆောင်ရွက်နိုင်သည့် လူတော်လူကောင်းလေးတွေဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးကြရန်လိုအပ်သလို၊ စေတနာလုပ်အားရှင်များ တိုးပွားလာအောင် စည်းရုံး၊ စုစည်းပျိုးထောင်လေ့ကျင့်ပေးကြရန်နှင့် အင်အားသစ်များကိုလည်း အရည်အချင်းပြည့်ပြီး စိတ်ဓာတ်၊ စည်းကမ်း၊ အသိပညာ၊ အတတ်ပညာ၊ အရည်အသွေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် လေ့ကျင့်ပျိုးထောင်သင်ကြားပေးရန် မှာကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်ပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ ရပ်ရွာလူထုအတွင်း လူမှုဂရုဏာလုပ်ငန်းတွေ ဆောင်ရွက်သည့်အခါတွင် “ကြက်ခြေနီအခြေခံမူ”တွေဖြစ်သည့် လူသားချင်းစာနာထောက်ထားခြင်း၊ ခွဲခြားမှုမရှိခြင်း၊ ကြားနေခြင်း၊ လွတ်လပ်ခြင်း၊ စေတနာ့ဝန်ထမ်းအကျိုးဆောင်ခြင်း၊ စည်းလုံးညီညွတ်ခြင်းနှင့် ကမ္ဘာတစ်ဝန်းပျံနှံ့ခြင်း စသည့် အခြေခံမူ (၇)ချက်ကို မြဲမြန်စွာ လက်ကိုင်ထားရင်း နိုင်ငံတကာ ကြက်ခြေနီ အသင်းများနည်းတူ ဆောင်ရွက်လျက်ရှိကြောင်းနှင့် သိုလှောင်ရုံပေးအပ်သည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အလှူရှင်နိုင်ငံအသင်းများကိုယ်စား ကိုယ်စားလှယ်တစ်ဦးမှ လှူဒါန်းရသည့် ရည်ရွယ်ချက်အားပြောကြားကာ တိုင်းဒေသကြီးကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာချောခင်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်က တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ မြေလှူဒါန်းသည့် ဂုဏ်ပြုမှတ်တမ်းလွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်ခဲ့ပြီး ဘက်စုံသုံးသိုလှောင်ရုံဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးထံ ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် ၁၉၂၀ ခုနှစ်ကစပြီး နိုင်ငံတော်၏ လူမှုဂရုဏာလုပ်ငန်းများကို ယနေ့အချိန်အထိ ကူညီဆောင်ရွက်လျက်ရှိပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းဥပဒေ (၂၀၁၅)အရ အမြဲတမ်းလူမှုကရုဏာအသင်းအဖြစ် နိုင်ငံတော်က ပြဋ္ဌာန်းတာဝန်ပေးအပ်ထားရှိသည့်အတွက် နိုင်ငံတစ်ဝှမ်း သဘာဝဘေးအန္တရာယ်များနှင့် အခြားသောအရေးပေါ်အခြေအနေများတွင် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ပြီးနိုင်ငံတော်၏ လူမှုကရုဏာလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
မောင်ညီညာ