ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မော်လမြိုင်ကျွန်းမြို့နယ် စီးပွားချောင်ကျေးရွာ၌ နွေစပါးစံပြကွက်ရိတ်သိမ်းပွဲအခမ်းအနား တက်ရောက်

မော်လမြိုင်ကျွန်း မတ် ၂၁

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲအုန်းပင်စုကျေးရွာအုပ်စု၊ စီးပွားချောင်ကျေးရွာ၌ နွေစပါးစံပြကွက် ရိတ်သိမ်းပွဲအခမ်းအနားသို့ ယမန်နေ့ နံနက် (၁၀)နာရီက တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက မရဲအုန်းပင်စုကျေးရွာအုပ်စု၊ စီးပွားချောင်ကျေးရွာရှိ တောင်သူဦးတင်အောင်သန်း၏ လယ်မြေစိုက်ဧက (၂၂၀)မှ နယူးဧရာ (၁) စပ်မျိုးစပါး နွေးစပါးစံကွက်ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်(တိုင်းဒေသကြီး) ရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့်  အလျား (၁.၃၂၆) မိုင်၊ ထိပ်ဝအကျယ် (၂၀) ပေ၊ အောက်ခြေအကျယ် (၆) ပေ၊ အနက် (၇) ပေရှိသော ကျုံကရင်မြောင်းနှင့် ငှက်ဥကွင်းမြောင်း ပြန်လည်တူးဖော်ခြင်းများ၊ ၂၀၂၅ ခုနှစ် စိုက်စနစ်(၅) မျိုးဖြင့် စိုက်ပျိုးထားရှိသည့် စနစ်တကျလယ်ယာမြေ ဧက (၁၀၀) တွင်  (၃) သီးစိုက်ဖြင့် တတိယသီးနှံ(နှမ်း) စိုက်ပျိုးမှုအား ကြည့်ရှုအားပေးခဲ့ပြီးနောက် တောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက တိုင်းဒေသကြီးအနေနှင့် နွေစပါး၊ မိုးစပါး ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နှစ်လျှင် (၃) သီး စိုက်ပျိုး၍ရနိုင်ကြောင်း၊ သီးနှံထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ရေခံ၊ မြေခံကောင်းမွန်ပါကြောင်း၊ ဓာတုမြေဩဇာများကိုလျှော့ချပြီး သဘာဝမြေဩဇာများကို သုံးစွဲရန်လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ထိုသို့ဆောင်ရွက်ပေးမှုများအပေါ် တောင်သူဦးတင်အောင်သန်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီးနောက်  နွေစပါးစံကွက်ရိတ်သိမ်းခဲ့ရာ (၁)ဧက ပျမ်းမျှအထွက်နှုန်း (၂၄၄.၅၂)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။ 

ရဲကိုမောင် (ပြန်/ဆက်)