မော်လမြိုင်ကျွန်း မတ် ၂၁
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲအုန်းပင်စုကျေးရွာ၌ နှစ် (၈၀) ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာလျှပ်စစ်မီးလင်းရေးသွယ်တန်းမှုအား စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။ ဆက်လက်၍ ပန်းပွားအက၊ ဦးရွှေရိုးနှင့်ဒေါ်မိုးအက၊ ဆင်အကနှင့် ကရင်ဒုံယိမ်းအက ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ထို့နောက် ကျေးရွာအတွင်း လျှပ်စစ်မီးသွယ်တန်းထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)