ဝါးခယ်မ မတ် ၂၁
နှစ် (၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝါးခယ်မမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။
ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခဲ့သော ဝါးခယ်မမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ ကမ်းနားလမ်းကွန်ကရစ်လမ်းသစ်ကို ဝါးခယ်မမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေ (၄၇ ဒသမ ၆၅) သန်းဖြင့် စည်ပင်သာယာရေးအဖွဲ့မှကြီးကြပ်ပြီး မြတ်မင်းမိုးကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ အရှည် (၄၄၀) ပေ၊ အကျယ် (၃၀) ပေ၊ ထု (၆) လက်မရှိသော ကွန်ကရစ်လမ်းသစ်အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်နှင့် သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ လှုမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လွှမ်းသီဟ (ပြန်/ဆက်)