မုံရွာ မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၏ အနီးကပ်ကြီးကြပ်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး စားသုံးသူအခွင့်အရေးအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မုံရွာခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းအမှာစကား ပြောကြားသည်။
ဆက်လက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက တက်ရောက်လာကြသူများအား စားသုံးသူရေးရာဦးစီးဌာနအနေနဲ့ စားသုံးသူတွေအခွင့်အရေး၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နစ်နာမှုများအား တိုင်ကြားညှိနှိုင်းဖြေရှင်းပေးနိုင်သည့် နည်းလမ်းများ၊ ပညာပေးဆောင်ရွက်ခြင်းများ၊ သက်ဆိုင်ရာဌာန၏ သတ်မှတ်ချက်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အတူ စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများကို စားသုံးသူပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် စားသုံးသူ၏ အခွင့်အရေးများ၊ စားသုံးသူ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့် စီမံခန့်ခွဲရေးအရ အရေးယူခြင်းစသည့်တို့နှင့် စပ်လျဥ်းပြီး အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ပရိုဂျက်တာဖြင့် ပြသရှင်းလင်းဟောပြောခဲ့ပြီး သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည်ဖြေကြားပေးခဲ့ကာ တက်ရောက်လာသူများအား စားသုံးသူရေးရာဦးစီးဌာန (ရုံးချုပ်) နေပြည်တော်က ထုတ်ဝေသည့် စားသုံးသူရေးရာ အကြောင်းသိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)