ပိုင်ကျုံ မတ် ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ကြက်တူရွေးကျေးရွာအုပ်စု၊ ကြက်တူရွေးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကော်ဖီစိုက်ပျိုးမှုလုပ်ငန်း တိုးတက်စေရန်ရည်ရွယ်ပြီး စိုက်ပျိုးပြုစုနည်း အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပိုင်ကျုံမြို့၊ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်၊ ကော်ဖီစိုက်ပျိုးပြုစုနည်းနှင့် ကော်ဖီစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးက ဆွေးနွေးပွဲတွင် တက်ရောက်လာကြသည့် တောင်သူများအားလုံး နားလည်သဘောပေါက်စေရန် ကရင်ဘာသာစကားဖြင့် ပြန်လည်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့တွင် ကော်ဖီစိုက်ပျိုးလိုသည့် ပြည်သူများအနေဖြင့် ကော်ဖီပျိုးပင်များကို စိုက်ပျိုးရေးဦးစီးဌာနမှ အခမဲ့ထောက်ပံ့ဖြန့်ဝေသွားမည်ဖြစ်ကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
နော်ခူး(ပြန်/ဆက်)