ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်လှစ်

ထားဝယ် မတ် ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာသင်တန်းကို ယနေ့နံနက်  ၈  နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မေသန္တာအောင်က နွေရာသီကျောင်းပိတ်ရက်ကာလများတွင် ကလေးငယ်များအချိန်ကို အကျိုးရှိစွာအသုံးပြုတတ်စေရန်၊ နိုင်ငံတကာသုံး အင်္ဂလိပ်စကားပြောဆိုတတ်လာစေရန်၊ အင်္ဂလိပ်စာစွမ်းရည်များ တိုးတက်လာပြီး ကျောင်းစာများတွင်လည်း အထောက်အကူပြုစေရန်ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ကျောင်းသားလူငယ်မျာအနေဖြင့် အင်္ဂလိပ်စာကို ရည်ရွယ်ချက်အမျိုးမျိုးဖြင့် သင်ယူနေကြကြောင်း၊ ကျောင်းသား/သူများ အဆင့်မြင့်ပညာရပ်များ သင်ယူနိုင်ရန် စသောလိုအပ်ချက် များကြောင့် အင်္ဂလိပ်စာသင်တန်း များတက်ရောက်နေသည်ကို တွေ့ရှိရကြောင်း၊ အင်္ဂလိပ်စာတွင် အဓိကကျသည့် 4 skills ဟုခေါ်သည့် စွမ်းရည် (၄) ရပ်ရှိပြီး (Listening skill) နားထောင်မှုစွမ်းရည်၊ (Speaking skill)အပြောစွမ်းရည်၊ Reading skill) အဖတ်စွမ်းရည်နှင့် (Writing skill) အရေးစွမ်းရည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ်များ စိတ်အားထက်သန်စွာ သင်ယူလေ့လာရန်လိုအပ်ကြောင်း ပြောကြားသည်။

သင်တန်းတွင် အခြေခံအင်္ဂလိပ်စာ Grammar ကို သင်တန်းနည်းပြဆရာမ ဒေါ်ယုကေခိုင်က ကျောင်းသားလူငယ် သင်တန်းသား ၂၀ ဦးအား မတ်  ၃၁ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ငွေဇင်ယော်(ပြန်/ဆက်)