ပေါက်ခေါင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပ

ပေါက်ခေါင်း မတ် ၂၀

ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းကျင်မှုရှိစေရန်နှင့် ကျောင်းစာအပြင် ပြင်ပဗဟုသုတများ တိုးပွားရရှိစေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲအား ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး “လူငယ်နှင့်စာဖတ်ခြင်းအကျိုးကျေးဇူး” အကြောင်းအသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့ရာ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၂၃) ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိက ဆုများချီးမြှင့်‌ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား ပြည်သူ့စာကြည့်တိုက်မှ စာအုပ်စာစောင်များအား ခင်းကျင်းပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)