ပေါင်းတည် မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာနအား ပြည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသက်လွင်နှင့် ပဲခူးတိုင်းဒေသကြီး(အနောက်) တိုင်းပညာရေးမှူး ဒေါက်တာချစ်ကိုကိုတို့သည် ယမန်နေ့နံနက် ၁၀ နာရီက အဖွဲ့ဝင်များလိုက်ပါလျက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသော ကျောင်းသား၊ ကျောင်းသူများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ပြည်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ပဲခူးတိုင်းဒေသကြီး( အနောက်) တိုင်းပညာရေးမှူးတို့သည် အဖွဲ့ဝင်များလိုက်ပါလျက် နတ်တလင်းခရိုင် ပညာရေးမှူးဦးထွန်းအေးကျော်၊ ပေါင်းတည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်သင်းရီတို့နှင့်အတူ သင်္ချာဘာသာရပ်ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ ထိုသို့ ကြည့်ရှုအားပေးခဲ့ရာ၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် တာဝန်ကျဆရာ၊ ဆရာမများအား တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ လိုက်နာရမည့်စည်းကမ်းများကို တိကျစွာ လိုက်နာဆောင်ရွက်နိုင်ရေးနှင့် လိုအပ်ချက်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့နယ်တွင် အ-ထ-က(ပေါင်းတည်) စာစစ်ဌာနတစ်ခုဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပလျက်ရှိပြီး ယနေ့သင်္ချာဘာသာရပ်ကို ဝင်ရောက်ဖြေဆိုသူ ၄၀၅ ဦးရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံမှုဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်မိရပ်ဖများက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေသား (IPRD)