ဖျာပုံမြို့၌ ခရိုင်အဆင့် မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့လှုပ်ရှားမှုပြိုင်ပွဲကျင်းပ

ဖျာပုံမတ်၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင် ကျင်းပသော ခရိုင်အဆင့် မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့လှုပ်ရှားမှုပြိုင်ပွဲကို ယမန်နေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ အ.ထ.က-၁ ကျောင်း၊ ရာပြည့်ဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ခရိုင်အဆင့် မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့လှုပ်ရှားမှုပြိုင်ပွဲတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက မြန်မာ့သနပ်ခါးယဥ်ကျေးမှု ဓလေ့လှုပ်ရှားမှုပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက သနပ်ခါးပြိုင်ပွဲ အကဲဖြတ်အမှတ်ပေးစနစ် စည်းမျဥ်းစည်းကမ်း များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဧရာဝတီဟန်မင်းကိုနှင့်အဖွဲ့မှ မြန်မာသံတေးသီချင်းများဖြင့် ဧည့်ခံဖျော်ဖြေကြပြီး၊ ခရိုင်အဆင့် မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့လှုပ်ရှားမှုပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲဝင်အဖွဲ့ (၄)ဖွဲ့ က သနပ်ခါးသွေးခြင်း၊ သနပ်ခါးအလှလိမ်းခြယ်ခြင်း၊ တေးသရုပ်ဖော်ပြသခြင်းတို့ဖြင့် ပါဝင်ယှဥ်ပြိုင်ကြ​ပြီး၊ ပထမဆုရ ပိတောက်အဖွဲ့အား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းကလည်းကောင်း၊ ဒုတိယဆုရ ချယ်ရီအဖွဲ့အား ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယုကလည်းကောင်း၊ တတိယဆုရ ငုဝါအဖွဲ့အား ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦးကလည်းကောင်း၊ အထူးဆုရ ရှင်မတောင်အဖွဲ့အား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးအေးကြိုင်ကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)