ကန့်ဘလူမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေး ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

ကန့်ဘလူ မတ် ၂၀

ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သကဲ့သို့ တက္ကသိုလ်ဝင်စာမေးပွဲများလည်း ဖြေဆိုစဥ်ကာလဖြစ်၍ မီးလောင်မှုများ မဖြစ်ပွားစေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့က ရပ်ကွက်များအတွင်း ယမန်နေ့မွန်းလွဲ ၂ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဇော်လင်း ဦးဆောင်၍ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းအဖွဲ့များက အဖွဲ့နှစ် ဖွဲ့ခွဲကာ ရပ်ကွက်များရှိ တည်းခိုခန်းများ၊ ကေတီဗွီနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် မီးလောင်မှု မဖြစ်ပွားစေရေးအတွက် ၎င်းဆိုင်များတွင် ထားရှိသော မီးငြှိမ်းသတ်ရေးပစ္စည်းများ အသင့်အသုံးပြုနိုင်ခြင်း ရှိ/မရှိ၊ လျှပ်စစ်ဘုတ်ခုံများ၊ လျှပ်စစ်ဖြင့် ချက်​ပြုတ်ရေးလုပ်ငန်းများ၌ မီးဘေးလုံခြုံကောင်းမွန်မှု ရှိ/မရှိ တို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)