ငဖဲ မတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ဆောင်းသီးနှံများစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနေကြာ ၂၉၇ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၆.၅၇ တင်းခန့်ထွက်ရှိကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ငဖဲမြို့နယ်၌ ဆောင်းသီးနှံစိုက်ပျိုးရာသီက ဆီထွက်သီးနှံဖြစ်သည့် နေကြာကို ၆၆၁ ဧက စိုက်ပျိုး နိုင်ခဲ့ပါတယ်။ စိုက်ပျိုးတဲ့မျိုးများကတော့ အပင်ပေါက်ရာခိုင်နှုန်းမြင့်မားပြီး အပင်သန်စွမ်းကောင်းမွန်သည့် ရေဆင်းစပ်မျိုး-၁နှင့် ဆင်းရွှေကြာ-၂ မျိုးများဖြစ်ပြီး နေကြာခင်းများကို ဖေဖော်ဝါရီလက စတင်ရိတ်သိမ်းခဲ့ရာ ယနေ့ထိ ၂၉၇ ဧက ရိတ်သိမ်းပြီးစီးပြီဖြစ်ပါတယ်။ တစ်ဧကကို ၁၆.၅၇ တင်းနှုန်း ထွက်ရှိပါတယ်။ ဒေသခံတောင်သူများ နေကြာရိတ်သိမ်းချိန်တွင် နေကြာပွင့်၏ ပွင့်ဖတ်အုံအဝါရောင်ပြောင်းသွားပြီး ပန်းပွင့်တစ်ဝိုက်ရှိအရွက်များ အညိုရောင်သို့ ပြောင်းသွားချိန်တွင် ရိတ်သိမ်းသင့်ကြောင်း၊ ရိတ်သိမ်းပြီး နေကြာပန်းပွင့်များကို နေပူတွင် ၃ ရက်ခန့် နေလှန်းပေးရန်၊ သို့မှသာ ရိတ်သိမ်းပြီး နေကြာစေ့များ သိုလှောင်ခြင်းမပြုမီ အစေ့အစိုဓာတ် ၉ ရာခိုင်နှုန်း ထက်လျော့နည်းသွားမည်ဖြစ်ကြောင်း စသည့်တောင်သူအသိပညာပေးများ ဆောင်ရွက်နေကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးမြင့်သိန်းက ပြောကြားသည်။
နေကြာစိုက်တောင်သူများ အထွက်နှုန်းကောင်းသော မျိုးသန့်မျိုးစေ့များ တိုးချဲ့စိုက်ပျိုးရေး၊ အပင်ကြီးထွားဖြစ်ထွန်းရေး၊ အပွင့်အရွယ်အစားကြီးမားစေရေး၊ အစေ့အဆံအောင်မြင်စေရေးအတွက် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ စနစ်တကျထည့်သွင်းရေး၊ ပိုးမွှားရောဂါကာကွယ်နှိမ်နှင်းရေးနှင့် စနစ်တကျရိတ်သိမ်းရေး စသည့်အသိပညာပေးလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မယု(ပြန်/ဆက်)