ပန်းတောင်း မတ် ၂၀
ပဲခူးတိုင်းဒေသကြီ၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် (၃:၃၀) အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့်အဖွဲ့ဝင်များမှ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံကာ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရက မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ မဏ္ဍပ်တည်ဆောက်ရေး၊ ဘဏ္ဍာငွေရှာဖွေရေး၊ ဖျော်ဖြေရေး၊ ဖိတ်ကြားရေး၊ ဧည့်ခံကျွေးမွေးရေး၊ လုံခြုံရေး၊ မှတ်တမ်းတင်ရိုက်ကူးရေး စသည့် လုပ်ငန်းများကို ဌာနဆိုင်ရာများအလိုက် အဖွဲ့များ ခွဲကာ တာဝန်များကို အသေးစိတ်ညှိနှိုင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာ အသီးအသီးမှ အကြီးအကဲများက မိမိတို့ဌာနအလိုက် ဖွဲ့စည်းထားသော လုပ်ငန်းတာဝန်များနှင့် ပတ်သက်၍ တစ်ဦးချင်း တင်ပြဆွေးနွေးခဲ့ကြသည်။ အဆိုပါ အခမ်းနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၆၂)ဦးတက် ရောက်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)