ပွင့်ဖြူ မတ် ၂၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း ရာသီဥတုဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန်အတွက်ရည်ရွယ်၍ သစ်တော်ကျေးရွာ၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်ကျော် မီးခိုးမြူငွေ့ အန္တရာယ်တားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ဆွေးနွေးပြောကြားပြီး ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်၍ ကြုံတွေ့ရမည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မင်းဘူးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျက ကျေးရွာနေပြည်သူများ သန့်ရှင်းသော သဘာဝပတ်ဝန်းကျင်နှင့် ကောင်းမွန်သော လူနေမှုစနစ်များရရှိစေရန် ကျေးရွာများ၌ အမှိုက်ကန်များ ဆောင်ရွက်ထားရှိပြီး အမှိုက်များ စနစ်တကျ စွန့်ပစ်ရေး၊ ကျေးရွာဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ရေး၊ သစ်တောသစ်ပင်များ ကာကွယ်ထိန်းသိမ်းရေးစသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေး ဟောပြောပြီး မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံက သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ ကောင်းမွန်စေ ရေးအတွက် ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာများကို ဆွေးနွေးဟောပြောသည်။
ထို့နောက် ပွင့်ဖြူမြို့နယ် သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးကြူလှိုင်က သဘာဝပတ်ဝန်းကျင် ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရာ၌ ပြည်သူများ ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို ဆွေးနွေးဟောပြော၍ ကျေးရွာနေ ပြည်သူများကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေး ဗီဒီယို(Clip)ကို ပြသပြီး မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ပွင့်ဖြူမြို့နယ် မင်းမြေကျေးရွာအုပ်စု၊ သစ်တော်ကျေးရွာမှ ဒေသခံပြည်သူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )