ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်အတွင်း၌ မီးဖိုတွင်ရေနွေးအိုးတည်ရာမှ မီးကြွင်းမီးကျန်များ ကျန်ရှိရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွား

ပန်းတောင်း မတ် ၂၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ပြည်တော်သာရပ်ကွက်အတွင်း၌ ယမန်နေ့နံနက်ပိုင်းက မီးဖိုတွင်ရေနွေးအိုးတည်ရာမှ မီးကြွင်းမီးကျန်များ ကျန်ရှိရာမှတစ်ဆင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာသို့ ပန်းတောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ခေတ္တရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကျော်သီဟ၊ နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းဆန်း ဦးစီးသည့်အဖွဲ့၊မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ဇင်ဦး ဦးစီးသည့်အဖွဲ့၊သက်သေ အုပ်ချူပ်ရေးမှူး၊ရာအိမ်စုမှူး၊ဥသျှစ်ပင်မြို့မီးသတ်ဦးစီးအရာရှိ ဦးကျော်ကျော် ဦးစီးသည့်အဖွဲ့တို့မှ မီးသတ်ယာဥ်(၄)စီးဖြင့် အခင်းဖြစ်နေရာသို့ သွားရောက် မီးငြိမ်းသတ်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်စဥ်အား စစ်ဆေးကြည့်ရာ ဥသျှစ်ပင်မြို့၊ပြည်တော်သာရပ်ကွက်၊ ရွှေကျွန်းတော(၂)လမ်းတွင် နေထိုင်သူ ဦးကြည်စန်း (ဆွံ့အ နားမကြား)သည် တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး နေအိမ်နောက်ဖေး မီးဖိုခန်းတွင် ရေနွေးအိုးတည်ရာမှ မီးကြွင်းမီကျန်များ ကျန်ရှိခဲ့ရာမှ တစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ကြောင်းနှင့် ဦးကြည်စန်းတွင် ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ ၎င်း၏ နေအိမ် အလျား(၃၀)ပေ၊အနံ(၄၀)ပေ၊(၄)ပင်(၂)ထပ်အိမ်၊သွပ်မိုး၊ ပျဥ်ကာနေအိမ်မှာ မီးလောင်ကျွမ်းခဲ့ပြီး လူနှင့် တိရိစ္ဆာန်ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)