ပွင့်ဖြူမြို့နယ် ဂါတ်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်း

ပွင့်ဖြူ မတ် ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရွှေလှေကျေးရွာအုပ်စု၊ ဂါတ်ကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း လက်စွဲစာစောင်ပါ အချက်အလက်များ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး စီမံကိန်းတာဝန်ခံဝန်ထမ်းများက စီမံကိန်းလုပ်ငန်းအဖွဲ့ ဖွဲ့စည်းရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ၊ ကျေးရွာမှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာရပ်မိရပ်ဖများ၊ ကျေးရွာသူ၊ ကျေးရွာသားများက မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင် (၇) ဦးကို အများသဘောဆန္ဒနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့ကြသည်။ 

အဆိုပါ ဂါတ်ကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အရောင်းအဝယ်လုပ်ငန်းနှင့်အခြား ဝင်ငွေတိုးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက် လုပ်ကိုင်နိုင်စေရန်ရည်ရွယ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှ စတင်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် သိန်း (၃၀၀) ဖြင့် လည်ပတ်ခဲ့ရာ ယခုအခါတွင် စီမံကိန်းရန်ပုံငွေကျပ် (၄၃) ဒသမ (၁၅) သန်းထိ ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်ထံမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )