ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဆောင်၍ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး မတ် ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်၍ မတ်လ ၁၈ ရက်နေ့က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်စေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှထွက်ရှိလာသည့် စိုက်ပျိုးသီးနှံများသည် ဒေသတွင်းဝမ်းစာဖူလုံရုံသာမက ပြည်ပနိုင်ငံများအထိ အဓိကတင်ပို့နေရသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း အဓိကသီးနှံ(၁၀)မျိုးအနက် နွေစပါးအပါအဝင် သီးနှံ()မျိုး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနေပြီဖြစ်၍ ကျန်ရှိသည့် နှမ်း၊ နေကြာနှင့် ပဲစဉ်းငုံများလည်း ပန်းတိုင်အထွက်နှုန်းရရှိစေရေး ကြိုးစားဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း မိရိုးဖလာစိုက်နည်းစနစ်များ၊ မျိုးများအားမဖြစ်မနေပြောင်းလဲသွားရမှာဖြစ်ပြီး စိုက်ပျိုးရေ လိုအပ်ချက်ရှိပါက ရေရရှိနိုင်သည့်အရင်းအမြစ်များကို ဖော်ထုတ်ပေးသွားမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် အကွက်ကျယ်စံပြကွက်များ ဖော်ဆောင်ထားပြီးဖြစ်သလိုတောင်သူများ လာရောက်လေ့လာနိုင်ရန်နှင့် အသိပညာပေးခြင်းကိုလည်း တစ်ပါတည်းဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း၊ နှမ်းစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ပေါင်ကြီးတင်စနစ်ကို မဖြစ်မနေဆောင်ရွက်သွားရမှာဖြစ်ပြီး နှမ်းမှုန်းခြင်းအလေ့အထကို အသိပညာပေးသွားရမှာဖြစ်ကြောင်း၊ နေကြာစိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်း တိုးတက်မြင့်မားသည့် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးနိုင်ရေးနှင့် ဝတ်မှုံကူးမည့် ပျားပုံးများ လုံလောက်စွာရရှိရေး ပံ့ပိုးဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း၊ ပဲစဉ်းငုံသီးနှံနှင့်ပတ်သက်၍ ရာသီဥတု၊ မြေအမျိုးအစား သေချာရွေးချယ် စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပဈေးကွက်ရှိသည့် ကြက်သွန်နီအား တိုးချဲ့စိုက်ပျိုးသွားရန်လိုအပ်မှာဖြစ်ပြီး ကုန်ထုတ်လမ်းများတွင် စားသုံးသီးနှံအပင် (ကြောင်လျှာ၊ ပေါက်ပန်းဖြူ)များ စိုက်ပျိုးကြရန်နှင့် ကျေးရွာအတွင်းလမ်းနှင့် ကျေးလက်လမ်းများတွင် အရိပ်ရသော သီးပင်စားပင်များ စိုက်ပျိုးသွားရန် ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက မြို့နယ်အလိုက် မိုးရွာသွန်းမှု နွေ၊ မိုး၊ ဆောင်းသီးနှံစိုက်ပျိုးထွက်ရှိမှု၊ သီးနှံစိုက်စွမ်းအားနှင့် သီးထပ်စွမ်းအားတိုးတက်မှု၊ စံပြကွက်များ ဖော်ဆောင်စိုက်ပျိုးထားရှိမှုနှင့် ပန်းတိုင်အထွက်နှုန်း မရရှိသေးသည့် သီးနှံ()မျိုးအတွက် ပန်းတိုင်အထွက်နှုန်းရရှိရေး စီမံစိုက်ပျိုးဆောင်ရွက်သွားမည့် အခြေအနေများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူးက လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းတင်ပြခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ချေးငွေများ အပြည့်အဝ ပြန်လည်ကောက်ခံရရှိရေးကိုလည်းကောင်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက စိုက်ပျိုးရေရရှိရေး၊ သီးနှံအလိုက် တိုးချဲ့စိုက်ပျိုးနိုင်မှု၊ နေကြာသီးနှံအတွက် လိုအပ်သောပျားပုံးများရရှိနိုင်ရေး ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သီးနှံတစ်ခုချင်းအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိနိုင်ရေး အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)