မုံရွာ မတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများသို့ အခါကြီးရက်ကြီးနေ့များနှင့် အားလပ်ရက်များတွင် မုံရွာမြို့နှင့် အနီးဝန်းကျင်ရှိ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်ရှိ သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်ကြီးရှိ ရှေးဟောင်းရန်အောင်မြင်စေတီတော် လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုနှင့် စေတီတော်ပြန်လည်ပြုပြင် မွန်းမံနေမှုများနှင့် သမိုင်းဝင်ဆုတောင်းပြည့်စေတီတော်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန်အတွက် တာဝန်ရှိသူများအတူ လက်ယာရစ်တစ်ပတ် လိုက်လံကြည့်ရှုဖူးမြော်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သမိုင်းဝင်ဆု တောင်းပြည့် စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးအတွက် အဆိုပါစေတီတော်ကြီးရှိ ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံရာ ဂေါပကအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သမိုင်းဝင်ဆုတောင်း ပြည့်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး အလှူငွေရရှိမှု အခြေအနေများနှင့် ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းများ ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းပြောကြားကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ သမိုင်းဝင် ဘုရားစေတီပုထိုးများ၊ ကျောင်းကန်များအား အလှူရှင်များနှင့်ပူးပေါင်းကာ လုံးတော်ပြည့်ရွှေသင်္ကန်းများ ကပ်လှူပူဇော်ခြင်း၊ လျှပ်စစ်မီး၊ ရေနှင့်ဘုရားဖူးများ အဆင်ပြေစွာ ဖူးမြော်နိုင်ရေးတို့အတွက် ဆောင်ရွက်ခဲ့မှုများနှင့် ပြန်လည်ပြုပြင်မွန်းမံရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းပြောကြားပြီး သမိုင်းဝင် ဆုတောင်းပြည့် စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြချက်များ အပေါ်လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ စေတီတော်ကြီးရင်ပြင်နှင့် ပတ်ဝန်းကျင် အမြဲသန့်ရှင်းသပ်ရပ်စေရေးတို့အား မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်ရှိ သမိုင်းဝင် ရွှေစည်းခုံစေတီတော်ကြီးသို့ ရောက်ရှိရာ စေတီတော်ကြီး အားလာရောက် ဖူးမြော်ကြမည့် ဘုရားဖူးပြည်သူများ စိတ်နှလုံးအေးချမ်းစွာဖြင့် ဖူးမြော်နိုင်ရေးအတွက် စေတီတော်ကြီးပတ်ဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးတို့အား လိုက်လံကြည့်ရှုဖူးမြော်ခဲ့ကြပြီး စေတီတော်ကြီး တောင်ဘက်စောင်းတန်းပြန်လည် ပြုပြင်မွန်းမံနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်ရှိ အရှေ့ဘက်ကန်သာယာကန်ရှိ ရာပြည့်ကပ်ကျော်စေတီတော်ကြီးသို့ ရောက်ရှိရာ စေတီတော်ကြီး ပတ်ဝန်းကျင်နှင့် အာရုံခံအတွင်း သန့်ရှင်းသပ်ရပ်မှု ရှိစေရေးတို့အား လိုက်လံကြည့်ရှု ဖူးမြော်ခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)