ပြည်ကြီးမဏ္ဍိုင် မတ် ၁၉
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် ရာသီအလိုက် သီးနှံမျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြသည့် တောင်သူများမှာ ယခုအခါတွင် မြေအောက်ရေကို အသုံးပြု၍ စိုက်ပျိုးထားသော ဘူးသီးများ လှိုင်လှိုင်ထွက်ရှိနေပြီဖြစ်သည်။
ပြည်ကြီးမဏ္ဍိုင်မြို့တွင် ဘူးပင်များကို အိမ်ရှိမြေကွက်လပ်များတွင်လည်းကောင်း၊ ဥယျာဉ်ခြံများတွင်လည်းကောင်း မြေအောက်ရေသွင်း၍ မျိုးစေ့ချစိုက်ပျိုးကြပြီး အပင်များမှ အသီးအထွက်နှုန်း ကောင်းမွန်စေရန်နှင့် ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝမြေဩဇာများကျွေးခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းဖြင့် ပြုစုစိုက်ပျိုးပြီး ၄၅ ရက်အကြာတွင် ခူးဆွတ်ရောင်းချကြောင်း စိုက်ပျိုးရေးတောင်သူတစ်ဦးက ပြောသည်။
ဘူးသီး စတင်ခူးဆွတ်ချိန်တွင် ပေါက်ဈေးမှာ အလုံးအရွယ်အစားအလိုက် အလုံးကြီး တစ်လုံးကို ၅၀၀၀ ကျပ်၊ အလုံးသေးတစ်လုံးလျှင် (၃၅၀၀)မှ (၄၀၀၀)ကျပ်အထိ ရရှိပြီး ထွက်ရှိသည့် အသီးများကို လေညာအရှေ့ရပ်ကွက်ရှိ ဈေးဆိုင်များတွင် ဖောက်သည်ပေးခြင်း၊ ခြံတွင်းသို့ ကိုယ်တိုင်လာရောက်ဝယ်ယူခြင်းများလည်းရှိကြောင်း သိရသည်။
ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ ပြည်သူများသည် တောင်ယာနှင့်ဥယျာဉ်ခြံများကို စိုက်ပျိုးလုပ်ကိုင်ကြသည့် အပြင်ရာသီအလိုက် ထွက်ရှိသည့် ဟင်းသီးဟင်းရွက်မျိုးစုံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)