ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုနှင့် မအူပင်တက္ကသိုလ်၌ စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုအားပေး

မအူပင် မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုနှင့် မအူပင်တက္ကသိုလ်တွင် ပထမနှစ်မှ နောက်ဆုံးနှစ်ထိ စာမေးပွဲဖြေဆိုနေမှုများအား ယမန်နေ့နံနက် (၉)နာရီခွဲအချိန်က ကြည့်ရှုစစ်ဆေးသည်။

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့်အဖွဲ့သည် အမှတ်(၆)ရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနရှိ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေမှုများအား ကြည့်ရှုအားပေးပြီး မအူပင်တက္ကသိုလ်၌  ပထမနှစ်မှနောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲ ဖြေဆိုနေမှုများအား ကြည့်ရှုအားပေးသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မအူပင်တက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား မအူပင်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင်တွေ့ဆုံ၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။

အဆိုပါတွေ့ဆုံပွဲသို့ မအူပင်တက္ကသိုလ်ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)