ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင် ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်သို့ ရောက်ရှိ

ဘုတ်ပြင်း မတ် ၁၈   

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်သည် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်သို့ ရောက်ရှိပြီး မြို့နယ်သပြေခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းအချိန်က မကြာမီကျင်းပမည့် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများနှင့် တွေ့ဆုံညှိနှိုင်း အစည်း အဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲ၌  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် မကြာမီ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆောင်ရွက်မည့် အခြေအနေ၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရေး၊ မဲပေးခွင့်ရှိသူတိုင်း ဆန္ဒမဲပေး နိုင်ရေးနှင့်မဲရုံလျာထား ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြု စနစ်ဖြင့်ရွေးချယ်ခြင်း၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် ဆန္ဒမဲစနစ်တကျပေးနိုင်ရန် ဆောင်ရွက်မည့် အခြေအနေများ၊ ပြည်သူ့လွတ်တော်ရွေးကောက်ပွဲဥပဒေ၊ အမျိုးသား လွတ်တော်ရွေးကောက်ပွဲဥပဒေ၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွတ်တော်ရွေးကောက်ပွဲဥပဒေများ ထုတ်ပြန်မည့် အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လာမည့်ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည့် လုပ်ငန်းများဖြစ်သည့် မဲစာရင်းများ တိကျမှန်ကန်ရေး၊ မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြုခြင်း၊ အများယုံကြည်လက်ခံမည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များအား ခန့်ထားနိုင်ရေး အသိပညာပေးသင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေ များကို ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရန် လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးသည် အရေးကြီးကြောင်း၊ လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ဖို့ အရေးကြီးကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးခွင့်ရှိသူများ မဲပေးခွင့်ရဖို့ စာရင်းအချက်အလက် မှန်ကန်အောင် လက်တွဲ ညီညီပါဝင်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးအောင်ချိုက ဆန္ဒမဲပေးခွင့်ရှိသူများ နစ်နာမှုမရှိစေရေး ပူးပေါင်းဆောင်ရွက်ရမည့်အခြေအနေများကို ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးမျိုးသန့်က လက်ရှိဆောင် ရွက်နေသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ လျာထားမဲရုံတည်နေရာများကို မြေပုံများဖြင့် ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဘုတ်ပြင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ရွေးကောက်ပွဲဆိုင်ရာ အကြိုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ ဒေသလုံခြုံရေးအခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုသက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်က လိုအပ်သည့်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အခမ်းအနားအပြီးတွင် ပုလဲရွှေရည်ခန်းမ၌ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုဗဟိုကော်မတီမှ ပေးပို့လာသည့် စတုတ္ထမူကြမ်းကို အခြေခံပြီး အိမ်ထောင်စုစာရင်းအမှတ်စဉ် ရေးသွင်းနေမှု အခြေအနေများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)