မော်လမြိုင်ကျွန်းမြို့နယ်၌ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ လှုပ်ရှားဆောင်ရွက်မှုအခမ်းအနား ကျင်းပ

မော်လမြိုင်ကျွန်း မတ် ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာအစည်းဝေးခန်းမတွင် ယမန်နေ့နံနက် (၉) နာရီအချိန်က  မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ် ဆင်ယင်ထုံးဖွဲ့ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူများအား ပါဝင်ဆောင်ရွက်နိုင်စေရန်နှင့် ယူနက်စကိုမှတ်တမ်းတင်သွင်းနိုင်ရေးရည်ရွယ်၍ မြန်မာ့သနပ်ခါးနေ့လှုပ်ရှားဆောင်ရွက်မှုအခမ်းအနား ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးက မြန်မာ့သနပ်ခါးဟာ ခွဲခြား၍မရသော မြန်မာ့ယဉ်ကျေးမှုဓလေ့တစ်ခုဖြစ်ပြီး မြန်မာ့လူ့အဖွဲ့အစည်းအတွင်း သနပ်ခါးလိမ်းသောအလေ့အကျင့်ကို ရှေးနှစ်ပေါင်းများစွာကပင် စတင်ခဲ့ကြောင်း၊ မြန်မာ့သနပ်ခါးကို ကျွန်ုပ်တို့ငယ်စဉ်ကလေးဘဝကတည်းက အမြတ်တနိုးလိမ်းပေးခဲ့သော အစဉ်အလာရှိခဲ့ပြီး အသားအရည်ကောင်းမွန်စေကြောင်း၊ ကျွန်ုပ်တို့ငယ်စဉ်ကတည်းက နန်းတော်ရှေ့ဆရာတင်၏ ရွှေဘိုသနပ်ခါးသီချင်းသည် ယခုအချိန်ထိ ထင်ရှားနေကြောင်း၊ သနပ်ခါးပင်သည် ရေငတ်ဒဏ်နှင့် အပူဒဏ်တို့ကို ခံနိုင်ရည်စွမ်းရှိသော နှစ်ရှည်ပင်ဖြစ်ကြောင်း၊ ဂရုစိုက်ပျိုးထောင်စိုက်ပျိုးရသောအပင်မျိုးဖြစ်ပြီး မြေချစိုက်ပျိုးသည့်နှစ်မှစ၍ (၃) နှစ်စောင့်ရကြောင်း၊ သနပ်ခါးပင်သည် တဖန်ပြန်လည်စိုက်ပျိုးရန်မလိုသော အဖိုးတန်နှစ်ရှည်ပင်ဖြစ်ကြောင်း စသည့် သနပ်ခါးနှင့်ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် (၁၄) လမ်း အ.မ.က ကျောင်းသူလေးများက မြန်မာမလေးပါသီချင်းဖြင့် သရုပ်ဖော် ကပြဖျော်ဖြေပေးခဲ့ကြသည်။

ဆက်လက်၍ သနပ်ခါးလိမ်းခြယ်ပြိုင်ပွဲ ဒိုင်(၁)ဦးမှ အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းများ ရှင်းလင်းပြောကြားပြီးနောက် ပြိုင်ပွဲဝင်များ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့များ၊ ကျန်းမာရေးဦးစီးဌာန ဆရာမလေးများ၊ ရပ်ကွက်/ကျေးရွာမှအဖွဲ့များ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  ပြိုင်ပွဲဝင်များယှဉ်ပြိုင်နေစဉ် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့နောက် ဆုရရှိသည့်အဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)